Pages

Tuesday, April 7, 2015

ဟာရဲရာကို ပါရမီရှင် ကစားသမားတစ်ဦးအဖြစ် မာတာ ညွှန်းဆိုချီးကျူး



ဟာရဲရာကို ပါရမီရှင် ကစားသမားတစ်ဦးအဖြစ် မာတာ ညွှန်းဆိုချီးကျူး

အန်ဒါဟာရဲရာသည် ပါရမီရှင် ဘောလုံးသမားကောင်း တစ်ဦးဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဟွမ်မာတာက ချီးကျူးစကား ပြောကြားလိုက်သည်။

ယခုဘောလုံးရာသီ အစပိုင်းက အက်သလက်တီကို ဘီလ်ဘာအိုမှ ယူနိုက်တက်သို့ ပြောင်းရွှေ့လာသည့် စပိန် ကွင်းလယ်လူသည် အက်စ်တန်ဗီလာကို (၃-၁)ဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် ယူနိုက်တက်အတွက် (၂)ဂိုး သွင်းယူခဲ့သည်။ ယခုရာသီ သွင်းဂိုး (၇)ဂိုးထိ ရှိနေပြီဖြစ်သည့် တစ်နိုင်ငံတည်းသား ယူနိုက်တက် အသင်းဖော်ကို မာတာက ပါရမီရှင် တစ်ဦးအနေဖြင့် ၎င်း၏ Blogတွင် ညွှန်းဆို ရေးသားခဲ့သည်။ အသက်(၂၅)နှစ်ရှိ ဟာရဲရာသည် ကစားသမားဘဝ အစပိုင်းတွင် ဖြစ်ထွန်းမှု နှေးကွေးခဲ့သော်လည်း နောက်ပိုင်းတွင် တောက်လျှောက် ခြေတက်လာသူ ဖြစ်သည်။

မာတာက “အိုးလ်ထရက်ဖို့ဒ်မှာ ခမ်းနားတဲ့နေ့တစ်နေ့ ဖြတ်သန်းခဲ့ပါတယ်။ အခုဆို အသင်းဟာ စွမ်းဆောင်ရည် အမြင့်ဆုံး အခြေအနေမျိုးနဲ့ ကစားနေပါပြီ။ ကျွန်တော်တို့ဟာ ပွဲအစကတည်းက ဖိကစားပြီး အရေးအကြီးဆုံး အချိန်တွေမှာ ဗီလာဘက်ကို ဂိုးသွင်းနိုင်ခဲ့တယ်။ တောင်ပံတွေကို အသုံးပြုပြီး ဘောလုံးကို နေရာစုံ ရွှေ့ပြောင်း ဖြန့်ဝေကစားရာကနေ ဂိုးတွေ ရခဲ့တာပါ”ဟု ဆိုသည်။ ၎င်းက ဟာရဲရာနှင့် ပတ်သက်ပြီး “ဒီပွဲမှာ ဟာရဲရာက နှစ်ဂိုးသွင်းခဲ့တယ်။ ဒါဟာ ပွဲတစ်ပွဲမှာ ပထမဆုံးအကြိမ် သူ့အနေနဲ့ နှစ်ဂိုးသွင်းခဲ့တာပါ။ သူ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ အမှန်ပြောရရင် ဒီအနေအထားဟာ သူ့အတွက် ထိုက်တန်ပါတယ်။ ဟာရဲရာဟာ ကွင်းတွင်းကွင်းပြင် ပါရမီရှင် ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ အဲဒီပွဲက ခြေစွမ်းအတွက် သူပျော်နေမယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်”ဟုလည်း မှတ်ချက်ပြု ရေးသားထားသည်။

Soccer Myanmar

No comments:

Post a Comment