Pages
▼
Tuesday, April 7, 2015
အလုပ်အကိုင် ရာထူးအတွက် မစိုးရိမ်ဟု မန်စီးတီး မန်နေဂျာ ပယ်လီဂရီနီ ပြောကြား
အလုပ်အကိုင် ရာထူးအတွက် မစိုးရိမ်ဟု မန်စီးတီး မန်နေဂျာ ပယ်လီဂရီနီ ပြောကြား
ခရစ္စတယ်လ် ပဲလေ့စ်ကို အရေးနိမ့်ခဲ့သည့်တိုင် မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ၎င်း၏ အလုပ်အကိုင်အတွက် စိုးရိမ်မှု အလျဉ်းမရှိကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။
လက်ရှိချန်ပီယံ မန်စီးတီးသည် ဆဲလ်ဟာ့စ်ပါ့ခ်တွင် ပဲလေ့စ်ကို (၂-၁)ဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းသည် မန်စီးတီး၏ သုံးပွဲဆက် အဝေးကွင်း အရှုံးအဖြစ်လည်း မှတ်တမ်းဝင်လာသည်။ အဆိုပါ ပွဲရလဒ်ကြောင့် မန်စီးတီးသည် အမှတ်ပေးဇယား ဒုတိယ နေရာမှ စတုတ္ထ နေရာထိ ဆင်းပေးလိုက်ရပြီ ဖြစ်သည်။ လာမည့် ပွဲစဉ်တွင် မန်စီးတီး အနေဖြင့် အိုးလ်ထရက်ဖို့ဒ်တွင် လက်ရှိ ခြေစွမ်းအကောင်းဆုံး ရရှိနေသည့် မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်နှင့် ပွဲကျပ် ကစားရမည်ဖြစ်ရာ ပဲလေ့စ်ကို မဖြစ်မနေ အနိုင်ရရန် လိုအပ်ခဲ့သော်လည်း လက်တွေ့ မစွမ်းဆောင်နိုင်ခဲ့ချေ။
ယခုအခါ မန်စီးတီးသည် ပရီးမီးယားလိဂ် (၇)ပွဲသာ ကစားရန် ကျန်တော့ချိန်တွင် အမှတ်ပေးဇယား ဦးဆောင်သူ ချယ်လ်ဆီးထက် တစ်ပွဲပိုကစားပြီး ကိုးမှတ်ထိ ပြတ်ကျန်နေပြီ ဖြစ်သည်။ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းရန် အလွန်ခက်ခဲသွားပြီ ဖြစ်သည့်တိုင် ချီလီသား မန်နေဂျာကြီးက ၎င်း၏ အလုပ်အကိုင်အတွက် မည်သည့် စိုးရိမ်ကြောင့်ကြမှုမျှ ရှိမနေဟု ဆိုသည်။ “ကျွန်တော့် အလုပ်အတွက် ဘာမှ မပူပါဘူး။ ပြောရရင် ဒီကိစ္စက ကျွန်တော် ဘယ်တုန်းကမှ စိတ်မပူခဲ့တဲ့ အရာပါ။ ကျွန်တော့် အလုပ်ကျွန်တော် လုပ်တယ်။ ဒီအတွက် ပျော်တယ်။ တခြား ဘာတွေးကြောက်စရာမှ မရှိပါဘူး။ အခုအချိန်မှာ ကျွန်တော်တို့ ချယ်လ်ဆီးအကြောင်း၊ ဒါမှမဟုတ် ချန်ပီယံဆုအကြောင်း မစဉ်းစားပါဘူး။ ကျွန်တော်တို့ အနေနဲ့ ကိုယ်ကစားတဲ့ပွဲတိုင်း အနိုင်ရဖို့ပဲ ဦးတည် ကြိုးစားနေပါမယ်”ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။
၎င်းက ပဲလေ့စ်ကို အရေးနိမ့်ခဲ့သော်လည်း ပွဲကို စိုးမိုးထားပြီး ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့သည့် အသင်းအတွက် ကျေနပ်ကြောင်း ဆိုသည်။ ပယ်လီဂရီနီက “ကျွန်တော့်အသင်း ကစားသွားတဲ့ ပုံစံအတွက် အရမ်းကျေနပ် ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ကစားသွားနိုင်တယ်လို့လည်း ထင်ပါတယ်”ဟု ဆိုသည်။ ၎င်းက “ဒီလို ပုံစံမျိုး ကစားနိုင်ရင် ပုံမှန်အားဖြင့် ကျွန်တော်တို့ နိုင်ခဲ့သင့်ပါတယ်။ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးတွေ မသွင်းနိုင်ခဲ့တာကတော့ ကံဆိုးခဲ့ပါတယ်”ဟု မှတ်ချက်ပြုသွားသည်။
Soccer Myanmar
No comments:
Post a Comment