Pages

Tuesday, April 7, 2015

မန်စီးတီးတွင် စိတ်ဓာတ်ရေးရာ ပြဿနာများ ရှိနေဟု နဗီးလ် မှတ်ချက်ပြု



မန်စီးတီးတွင် စိတ်ဓာတ်ရေးရာ ပြဿနာများ ရှိနေဟု နဗီးလ် မှတ်ချက်ပြု

မန်ချက်စတာ စီးတီးတွင် စိတ်ဓာတ်ပိုင်း ပြဿနာအချို့ ရှိနေသည်ဟု ခံစားမိကြောင်း ဂယ်ရီနဗီးလ်က မှတ်ချက်ပြု ပြောကြားလိုက်သည်။

Sky Sports၏ ဘောလုံးအစီအစဉ်မှူးအဖြစ် တာဝန်ယူထားသည့် မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းက ခရစ္စတယ်လ် ပဲလေ့စ်ကို (၂-၁)ဖြင့် အရေးနိမ့်ခဲ့သည့် ပွဲစဉ်အပြီး မန်စီးတီး၏ စိတ်ဓာတ်ပိုင်းကို မေးခွန်းထုတ်လိုက်သည်။ အဆိုပါ ပွဲစဉ်သည် လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံတို့အတွက် အဝေးကွင်းတွင် သုံးပွဲဆက်တိုက် အရေးနိမ့်မှုလည်း ဖြစ်လာသည်။ ယခုအခါ မန်စီးတီးသည် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် အလွန် ခက်ခဲသွားပြီ ဖြစ်သည်။

မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီ၏ အသင်းနှင့် ပတ်သက်ပြီး နဗီးလ်က “သူတို့မှာ စိတ်ဓာတ်ပိုင်း ပြဿနာတစ်ခုခု ရှိနေပုံပဲ။ အဲဒါက သံသယဝင်ဖို့ကို မလိုတာ။ မန်စီးတီးဟာ အောင်မြင်မှုကို ရေရှည် မထိန်းနိုင်ဘူး။ ကိုယ်က ချန်ပီယံဆုကို ရယူထားပြီဆိုရင် နောက်ထပ် ဒီအခြေအနေကို ပိုင်ဆိုင်ဖို့ ဆာဆာလောင်လောင် ဖြစ်နေရမယ်။ နိုးကြားနေရမယ်။ မန်စီးတီးကတော့ အဲဒီလို မဟုတ်ဘူး။ အကျဘက် ရောက်သွားတယ်။ သူတို့ဟာ တောင်ထိပ်ဖျားထိ အရောက်တက်ပြီး ပြုတ်ကျသွားတာပဲ”ဟု ဆိုသည်။

၎င်းက “ပြောရရင် ပဲလေ့စ်ရဲ့ ကျစ်လစ်ခိုင်မာတဲ့ ခံစစ်ကြောင်းကို သူတို့ မဖောက်နိုင်ခဲ့ဘူး။ မနှစ်ကဆို ချယ်လ်ဆီးလည်း အဲဒီအခြေအနေတွေ ကြုံခဲ့ပြီး ရလဒ်အနေနဲ့ လိဂ်မှာ ချန်ပီယံဖြစ်ခွင့်ကို လက်လွတ်ခံလိုက်ရတယ်။ မန်စီးတီးလည်း အခုပွဲမှာ ဒီအတိုင်းပဲ။ ပြိုင်ဘက်ကို ဖြိုဖို့ လုံလောက်အောင် မလုပ်နိုင်ခဲ့ဘူး။ အထူးသဖြင့် တောင်ပံတွေ ရောက်နေရင် အကောင်းဆုံး အရည်အသွေးမျိုး မဖြစ်တော့ဘူး။ ဂျီးဆက်စ် နာဗက်စ်ဟာ သူတို့အတွက် အလုပ်ဖြစ်တယ်လို့ ကျွန်တော် မထင်ဘူး။ ဆာဂျီယို အဂူရိုနဲ့ အီဒင်ဂျက်ကိုတို့က ရှေ့မှာ တွဲကစားတယ်။ ဒါပေမဲ့ သူတို့က အတွဲအဖက် ကစားနေပုံ ပေါက်လို့လား။ ကြည့်ရတာတော့ တစ်ခါတစ်လေ အလုပ်ဖြစ်ပြီး တစ်ခါတစ်လေ လုံးဝ အဆင်မပြေပါဘူး”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

No comments:

Post a Comment