Pages
▼
Wednesday, April 1, 2015
အီတလီကို အင်္ဂလန် အနိုင်ရခဲ့သင့်ဟု ဟတ်မှတ်ချက်ပြု
အီတလီကို အင်္ဂလန် အနိုင်ရခဲ့သင့်ဟု ဟတ်မှတ်ချက်ပြု
အီတလီနှင့် ခြေစမ်းပွဲတွင် တစ်ဂိုးစီ သရေကျခဲ့ခြင်းကို အင်္ဂလန် ဂိုးသမား ဂျိုးဟတ်က စိတ်ပျက်နေပြီး မိမိတို့ အနေဖြင့် တူရင်တွင် အနိုင်ရလဒ်နှင့် ထိုက်တန်ခဲ့ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။
မန်ချက်စတာစီးတီး ဂိုးသမား ဟတ်သည် ၎င်း၏ လက်ရွေးစင် ပွဲ(၅၀)ပြည့်အဖြစ် အဆိုပါ ခြေစမ်းပွဲတွင် ပါဝင်ခဲ့ပြီး အင်္ဂလန် အနေဖြင့် ပထမပိုင်း (၄၅)မိနစ်တွင် အတန်ငယ် အမှားအယွင်း များခဲ့ကြောင်းလည်း ၎င်းက ဝန်ခံခဲ့သည်။ ဆောက်သမ်တန် တိုက်စစ်မှူး ဂရာဇီယာနို ပယ်လီက ယခုပွဲတွင် ခေါင်းတိုက် ဦးဆောင်ဂိုး သွင်းခဲ့သော်လည်း အင်္ဂလန်အသင်းသည် ဒုတိယပိုင်းတွင် ပိုမို တိုးတက်လာပြီး ပွဲပြီးရန် (၁၀)မိနစ်ကျော်ကျော် အလိုတွင် အန်ဒရို့စ် တောင်းဆန်း၏ ကန်ချက်ဖြင့် ချေပဂိုး ရရှိသွားသည်။
ဟတ်က “ကျွန်တော်တို့ အနေနဲ့ ပွဲချိန် အတော်များများမှာ လွှမ်းမိုး ကစားနိုင်ခဲ့ပါတယ်။ အနိုင်ရနိုင်တဲ့ အခြေအနေထိ ရှိခဲ့ပေမယ့် လက်တွေ့တော့ မဖြစ်ခဲ့ဘူး”ဟု ဆိုသည်။ ၎င်းက “ပထမပိုင်း အပြီးမှာ ကျွန်တော်တို့ ပြန်ဆွေးနွေးတယ်။ ဒုတိယပိုင်းမှာ ကိုယ်ဘာတွေ လုပ်ပြနိုင်တယ် ဆိုတာကို လက်တွေ့ပြဖို့ ကြိုးစားခဲ့ကြတယ်။ အီတလီ အနေနဲ့ တစ်ဂိုးစီ သရေကျသွားတာကိုတောင် ပျော်နေမယ် ထင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ နိုင်ပွဲတစ်ပွဲ ရခဲ့သင့်တာပါ။ ကျွန်တော်တို့ဟာ အနိုင်ရဖို့ လုံလောက်တဲ့ အခွင့်အရေးတွေ ရှိခဲ့တယ်။ ဒါပေမဲ့ သူတို့ ဂိုးသမား ဂီယန်လူဂီ ဘူဖွန်က တကယ့်ကို ထူးချွန်သူပါ။ အီတလီအတွက် အကောင်းဆုံး ကာကွယ်မှုတချို့ သူက လုပ်ပြသွားခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။
ဟတ်က “အသင်းက တိုးတက်မှုတွေ ရှိလာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဒီလိုပွဲမျိုးတွေကို အနိုင်ကစားပြနိုင်ဖို့ လိုလားပါတယ်။ တစ်ဂိုး နောက်က လိုက်ကစားရာကနေ တစ်ဂိုးစီ သရေကျသွားတာက ကျေနပ်စရာပါ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အနိုင်ရဖို့ထိ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်”ဟုလည်း ဖွင့်ဟသွားသည်။
Soccer Myanmar
No comments:
Post a Comment