Pages

Monday, April 20, 2015

မန်ယူမှ ပစ်မှတ်ထားနေသည့် ဒီပေးကို ဥရောပ အသင်းကြီးများ စိတ်ဝင်စားနေ



မန်ယူမှ ပစ်မှတ်ထားနေသည့် ဒီပေးကို ဥရောပ အသင်းကြီးများ စိတ်ဝင်စားနေ
Written by  အောင်ငြိမ်းသွေး

(အင်္ဂလန်)။ ။ မန်ယူအသင်းက ပစ်မှတ်ထားနေသည့် ဒီပေးကို ဥရောပ ထိပ်သီးအသင်းကြီးများကလည်း ခေါ်ယူရန် စိတ်ဝင်စားလျက် ရှိနေကြောင်း ပီအက်စ်ဗွီ အသင်း၏ နည်းစနစ် ဒါရိုက်တာ မာဆယ်ဘရန်းက ထုတ်ဖော်ပြောကြားလိုက်သည်။ ထို့အပြင် ဘရန်းက ဒီပေးမှာ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့တွင် အသင်းပြောင်းရွှေ့ရန် သေချာသလောက်ရှိကြောင်းလည်း ပြောသည်။

အသက် ၂၁ နှစ်အရွယ်သာ ရှိသေးသည့် နယ်သာလန် တိုက်စစ် ကစားသမား ဒီပေးသည် ယခုနှစ်ရာသီတွင် လိဂ်ပြိုင်ပွဲ ၂၆ ပွဲ ပါဝင်ကစားရာတွင် ဂိုး ၂၀ အထိသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။ ၎င်း၏ ခြေစွမ်းပြမှုနှင့်အတူ ပီအက်စ်ဗွီအသင်းမှာ ၇ နှစ်ကြာ ဝေးကွာလျက်ရှိသည့် နယ်သာလန် အမှတ်ပေး ချန်ပီယံဆုကို ပြန်လည် ဆွတ်ခူးနိုင်ခဲ့သည်။

ပီအက်စ်ဗွီအသင်းမှာ ရာသီပြီးဆုံးရန် သုံးပွဲအလိုမှာပင် ချန်ပီယံဆုကြီးကို သိမ်းပိုက်နိုင်ခဲ့သလို ဒီပေးမှာလည်း ဂိုးသွင်းအများဆုံး ကစားသမားစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။

ဒီပေးသည် ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲက မန်ယူနည်းပြ ဗန်ဟားလ်၏ လက်အောက်တွင် ကစားခဲ့ဖူးသူ ဖြစ်သည်။

'ဒီပေးကို ဥရောပ ထိပ်သီးအသင်းကြီးတွေက စိတ်ဝင်စားနေကြပါတယ်။ သူ့အတွက် အခွင့်အရေးက တကယ်ကို မြင့်မားပါတယ်။ မကြာခင်မှာ ကမ်းလှမ်းမှုတွေ ရောက်လာပါလိမ့်မယ်။ သေချာပေါက် ဒီပေး ရွေးချယ်ရမှာပါ။ ပီအက်စ်ဗွီ အသင်းနေရာကနေ ပြောရမယ်ဆိုရင် ဒီပေးအနေနဲ့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒီမှာ တစ်နှစ်လောက်ထပ်ကစားသင့်တယ်လို့ ကျွန်တော်ပြောပါမယ်။ ဒါပေမဲ့ ကျွန်တော်သာ ဥရောပ ထိပ်သီးအသင်းကြီး တစ်သင်းကဆိုရင် ဘာမေးခွန်းမှ မမေးဘဲ ဒီပေးကို ဝယ်လိုက်မှာပါ။ ကစားသမားကောင်းတိုင်းဟာ ဒီလိုပဲ စွန့်ခွာသွားကြတာပါပဲ။ ဒီလူငယ်လေးကို အကယ်ဒမီကနေ ဒီအဆင့်ရောက်အောင်လုပ်ပေး နိုင်ခဲ့လို့ ဂုဏ်ယူပါတယ်' ဟု မာဆယ်ဘရန်းက ပြောသည်။

ဒီပေးကို မန်ယူအပြင် မန်စီးတီး၊ ပီအက်စ်ဂျီနှင့် စပါးအသင်းတို့က စိတ်ဝင်စားလျက်ရှိနေသည်။

ရည်ညွှန်း - ဒေးလီးမေးလ်

Mizzima

No comments:

Post a Comment