Pages

Wednesday, May 6, 2015

တီဗက်ဇ်တွင် ယူနိုက်တက်၏ ချန်ပီယံသွေးများ စီးဆင်းနေဆဲဟု အီဗရာပြောကြား



တီဗက်ဇ်တွင် ယူနိုက်တက်၏ ချန်ပီယံသွေးများ စီးဆင်းနေဆဲဟု အီဗရာပြောကြား

ကားလို့စ်တီဗက်ဇ်တွင် မန်ချက်စတာ ယူနိုက်တက်၏ သွေးများ စီးဆင်းနေဆဲဖြစ်ကြောင်း ပက်ထရစ် အီဗရာက ပြောကြားလိုက်သည်။

ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲစဉ် ပထမအကျော့အဖြစ် ဂျူဗင်းတပ်စ်က ရီးယဲလ်ကို အီတလီမြေတွင် (၂-၁)ဖြင့် အနိုင်ကစားခဲ့ရာ အာဂျင်တီးနား တိုက်စစ်မှူး တီဗက်ဇ် ခြေစွမ်းပြသွားပြီး ကိုယ်တိုင် တစ်ဂိုးသွင်းယူခဲ့သည်။ ပြင်သစ် ဘယ်နောက်ခံလူ အီဗရာသည် တီဗက်ဇ်နှင့်အတူ ယူနိုက်တက်တွင် တွဲဖက် ကစားခဲ့ဖူးသူ ဖြစ်သည်။ ၎င်းသည် မိမိရော၊ တီဗက်ဇ်ပါ ယူနိုက်တက်၏ ချန်ပီယံသွေးများ ကိန်းဝပ် ခိုအောင်းနေသူများဟု ခံစားမိကြောင်း မှတ်ချက်ပြုခဲ့သည်။ “တီဗက်ဇ်က ကျွန်တော့်လိုပါပဲ။ ယူနိုက်တက်ရဲ့ သွေးရင်းသားရင်းတွေ ဖြစ်ပါတယ်။ သူက ချန်ပီယံ တစ်ယောက်ပါ။ အရမ်း အလုပ်ကြိုးစားတယ်။ တကယ်တော်တဲ့ ပရော်ဖက်ရှင်နယ် တစ်ယောက်ပါပဲ”ဟု အီဗရာက ဆိုသည်။

၎င်းက “သူနဲ့ ပြန်ဆုံလာရတာကို ကျွန်တော် အရမ်းပီတိဖြစ်ပါတယ်။ ဟုတ်ပါတယ်။ အခုဆို သူဟာ အကောင်းဆုံး နှစ်တစ်နှစ်ကို ဖြတ်သန်းနေတာပါ။ တကယ်တော့ ကျွန်တော်တို့အားလုံး ချန်ပီယံလိဂ် ဆုဖလားကို လိုချင်ကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကောင်းမွန်တဲ့ အရာတွေ လုပ်ပြခဲ့ပြီးပါပြီ။ အခု ပထမအကျော့ နိုင်ပေမယ့် ဒုတိယအကျော့ကို အကောင်းဆုံး ဖြတ်သန်းဖို့ ပြင်ဆင်ရပါမယ်။ ဒါဟာ ခက်ခဲပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် တီဗက်ဇ်အတွက် ကျေနပ်ပါတယ်။ သူဟာ တကယ်ကို ပရော်ဖက်ရှင်နယ် ပီသသူ တစ်ယောက်ပါပဲ”ဟု မှတ်ချက်ပြုခဲ့သည်။

တီဗက်ဇ်နှင့် အီဗရာတို့သည် (၂၀၀၈)ခုနှစ်က ယူနိုက်တက်နှင့်အတူ ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ဖူးသည်။ အီဗရာက “ယူနိုက်တက်ရဲ့ အောင်မြင်မှုဟာ ယူနိုက်တက် အနေနဲ့ ကျန်နေမှာပါ။ ဂျူဗင်းတပ်စ်ကတော့ ဂျူဗင်းတပ်စ်ပါပဲ။ ဒါဟာ ကွဲပြားတဲ့ အသင်းနှစ်သင်းပါ။ ဒါပေမဲ့ နှစ်သင်းစလုံးဟာ ခမ်းနားတဲ့ ဖြတ်သန်းမှုတွေ ရှိခဲ့တယ်။ ဒီနှစ်သင်းလုံးဟာ ဘယ်အနေအထားမှာမဆို လေးစားခံထိုက်ပါတယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

No comments:

Post a Comment