Pages
▼
Wednesday, May 6, 2015
အာဆင်နယ်ကို ဝယ်ယူရန် ဆန္ဒရှိနေဆဲဟု နိုင်ဂျီးရီးယား ဘီလျံနာ အလီကိုဒန်ဂိုတီ ပြောကြား
အာဆင်နယ်ကို ဝယ်ယူရန် ဆန္ဒရှိနေဆဲဟု နိုင်ဂျီးရီးယား ဘီလျံနာ အလီကိုဒန်ဂိုတီ ပြောကြား
အာဖရိက ဘီလျံနာ အလီကိုဒန်ဂိုတီက မိမိအနေဖြင့် အာဆင်နယ်ကို ဝယ်ယူရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း ပြောကြားလိုက်သည်။
ယူရို ၁၃.၅ ဘီလီယံ ချမ်းသာသည့် အသက် ၅၈ နှစ်အရွယ် ဒန်ဂိုတီသည် အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ၂၀၁၀ ခုနှစ်က အာဆင်နယ်ကို ဝယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။
“တစ်ချိန်ချိန်မှာ သင့်တော်တဲ့ဈေးနဲ့ အာဆင်နယ်ကို ဝယ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ပိုင်ရှင်တွေက တောင့်မခံနိုင်တဲ့ ဈေးမျိုးနဲ့လည်း ဝယ်ကောင်းဝယ်နိုင်ပါတယ်” ဟု ဒန်ဂိုတီက Bloomberg Business ထံ ပြောကြားခဲ့သည်။
ဒန်ဂိုတီသည် ဘိလပ်မြေ ထုတ်လုပ်ခြင်း၊ သကြားတင်ပို့ခြင်းနှင့် ရေနံလုပ်ငန်း ရင်းနှီးမြှုပ်နှံခြင်းတို့အပြင် လုပ်ငန်းအများအပြားကို လုပ်ကိုင်လျက်ရှိပြီး အာဆင်နယ်ကို ဝယ်ယူရန်အတွက် ကမ်းလှမ်းမှုသစ်တစ်ရပ် မပြုလုပ်မီ ကိုယ်ပိုင်လုပ်ငန်းကို တိုးချဲ့သွားမည်ဟု ဆိုခဲ့သည်။
“ကျွန်တော်တို့မှာ လာမယ့် နှစ်အနည်းငယ်အတွင်း ဒေါ်လာ ၁၆ ဘီလီယံတန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေရှိပါတယ်။ အခုအချိန်မှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လုပ်ငန်းက အဆင့်တစ်ခုမှာ ရှိနေပါတယ်။ ကျွန်တော့်ရဲ့ လုပ်ငန်းတွေကို ချဲ့ထွင်ပြီးတာနဲ့ အာဆင်နယ်ကို ဝယ်ယူမယ့် ကမ်းလှမ်းမှု စတင်ဖို့ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
သို့သော်လည်း အာဆင်နယ် ပရိသတ်တစ်ဦးဖြစ်သည့် ဒန်ဂိုတီက အာစင်ဝင်းဂါးအပေါ် ဝေဖန်ပြောကြားခဲ့ပြီး အသက် ၆၅ နှစ်အရွယ် မန်နေဂျာအနေဖြင့် ၎င်း၏ ဟန်ပန်ကို အနည်းငယ် ပြောင်းလဲရန် လိုအပ်ကြောင်းနှင့် အသင်းအနေဖြင့် ဦးဆောင်မှုသစ်တစ်ရပ် လိုအပ်နေကြောင်း သတိပေးပြောကြားခဲ့သည်။
Soccer Myanmar
No comments:
Post a Comment