Pages
▼
Friday, May 8, 2015
ဘေးလ်အနေဖြင့် ဝေဖန်မှု ဖိအားများကို ကြံ့ကြံ့ခံနိုင်ရန် လိုအပ်ဟု နေမာ မှတ်ချက်ပြု
ဘေးလ်အနေဖြင့် ဝေဖန်မှု ဖိအားများကို ကြံ့ကြံ့ခံနိုင်ရန် လိုအပ်ဟု နေမာ မှတ်ချက်ပြု
ဂါရတ်သ်ဘေးလ်သည် ထူးချွန်ထက်မြက်သော ကစားသမားတစ်ဦး ဖြစ်သည့်တိုင် ရီးယဲလ်မက်ဒရစ်ကဲ့သို့ အသင်းမျိုးတွင် ကြုံရသည့် ဝေဖန်မှု ဖိအားများကို ကိုင်တွယ်နိုင်ရန် လိုအပ်ကြောင်း နေမာက မှတ်ချက်ပြု ပြောကြားလိုက်သည်။
ဘာစီလိုနာ အသင်းတွင် ကစားနေသည့် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူးက ခါးသီးပြိုင်ဘက် အသင်းထံမှ ဝေလ လက်ရွေးစင် တောင်ပံကစားသမား၏ လက်ရှိခြေစွမ်းပိုင်း ကျဆင်းနေမှုများအပေါ် ယခုလို သုံးသပ်ခဲ့ခြင်း ဖြစ်သည်။ နေမာသည်လည်း ဘာစီလိုနာ ကစားသမားဘဝ အစပိုင်းက အသင်းနှင့် အထိုင်မကျသေးမီတွင် ဝေဖန်မှု အများအပြားနှင့် ရင်ဆိုင်ခဲ့ရသည်။ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၈၆)သန်းဖြင့် တော့တင်ဟမ် ဟော့စပါးမှ စပါးသို့ ပြောင်းရွှေ့ခဲ့သည့် ဘေးလ်သည် အသင်းဖော် ခရစ္စတီယာနို ရော်နယ်လ်ဒို၏ လောင်းရိပ်အောက်တွင် ရုန်းကန်နေရပြီး ဝေဖန်မှု အများအပြားနှင့် ကြုံနေရသည်။
သတင်းထောက်များက ဘေးလ်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုသည့်အခါ နေမာက “ဘောလုံးမှာက ဝေဖန်မှုတွေ၊ ဖိအားတွေ ဆိုတာက သာမန် အခြေအနေလို့တောင် ဆိုနိုင်ပါတယ်။ ဒါတွေကို တစ်ချိန်မဟုတ် တစ်ချိန်မှာ ကျွန်တော်တို့ ကြုံရမှာပဲ။ ဒီအခြေအနေကို ရင်ဆိုင်နိုင်ဖို့ သင်ယူထားရမယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ဘေးလ်ဟာ တကယ် ထူးချွန်တဲ့ ကစားသမားကောင်း တစ်ယောက်ဆိုတာ သံသယ ဖြစ်စရာတော့ မရှိပါဘူး”ဟု ဖြေကြားခဲ့သည်။ နေမာက မိမိသည် ဂျူဗင်းတပ်စ် ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာ၏ ပရိသတ် တစ်ဦးဖြစ်ပြီး ၎င်းကို ဘာစီလိုနာတွင် လာကစားစေလိုကြောင်းလည်း ဖွင့်ဟခဲ့သည်။
“ပေါ့ဂ်ဘာက တကယ့်ထိပ်တန်း ကစားသမား တစ်ယောက်ပဲ။ ကျွန်တော့်ထက်တောင် အသက်ငယ်ဦးမယ်။ ဒါပေမဲ့ အခုကတည်းက ထိပ်ဆုံးတန်း အဆင့်ကို ရောက်နေပြီ။ ဘာစီလိုနာမှာ ဆိုရင်လည်း သူအကောင်းဆုံး ကစားပြနိုင်ပါလိမ့်မယ်”ဟု ၎င်းက မှတ်ချက်ပြုသွားသည်။
Soccer Myanmar
No comments:
Post a Comment