Pages
▼
Friday, May 8, 2015
ပီအက်စ်ဂျီမှ ထွက်ခွာနိုင်ကြောင်း ကာဗာနီ ဝန်ခံ
ပီအက်စ်ဂျီမှ ထွက်ခွာနိုင်ကြောင်း ကာဗာနီ ဝန်ခံ
လီဂူးဝမ်း ချန်ပီယံအသင်းတွင် နေရာမှန် မကစားရသောကြောင့် မပျော်မရွှင် ဖြစ်နေသည့် အက်ဒီဆန် ကာဗာနီက ရာသီကုန်တွင် ပီအက်စ်ဂျီမှ ထွက်ခွာနိုင်ကြောင်း ဝန်ခံပြောကြားလိုက်သည်။
ဥရုဂွေး လက်ရွေးစင် ကစားသမားသည် ၂၀၁၃ ခုနှစ် နွေရာသီက နာပိုလီမှ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ကွင်းလယ်တောင်ပံတွင်သာ ကစားခဲ့ရပြီး နည်းပြ လောရင့်ဘလန့်က အသင်း၏ ဗဟိုတိုက်စစ်မှူး နေရာတွင် ဇာလတန် အီဘရာဟီမိုဗစ်ခ်ျကိုသာ အသုံးပြုခဲ့သည်။
ကာဗာနီနှင့် ပီအက်စ်ဂျီတို့၏ အခြေအနေကို မန်ချက်စတာယူနိုက်တက်နှင့် ဂျူဗင်တပ်စ်ကဲ့သို့သော အသင်းများက သေချာစောင့်ကြည့်နေကြပြီးနောက် အသက် ၂၈ နှစ်အရွယ် ကစားသမားက မိမိအနေဖြင့် လီဂူးဝမ်းချန်ပီယံအသင်းတွင် ဆက်ရှိနေရန် အာမခံချက် မရှိကြောင်း ဆိုခဲ့သည်။
“ပီအက်စ်ဂျီမှာ ဆက်နေ၊ မနေ မဆုံးဖြတ်ရသေးပါဘူး။ အသင်းမှာ ဆက်ရှိနိုင်သလို အသင်းကနေ ထွက်ခွာသွားနိုင်ပါတယ်။ ဘောလုံးလောကမှာ ဘယ်အရာကိုမှာ အသေအချာပြောလို့ မရပါဘူး။ ကျွန်တော် ပီအက်စ်ဂျီကို ရောက်တုန်းက ကွင်းလယ်တောင်ပံမှာ ကစားဖို့ အတင်းတိုက်တွန်းခံရပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်အပိုင်းမှာ ဘယ်လောက်အထိ သက်ရောက်မှုရှိတယ်ဆိုတာကို လူတွေက နားမလည်ကြပါဘူး။ ကျွန်တော်သာ တိုက်စစ်မှူး တစ်ယောက်အနေနဲ့ ကစားခွင့်ရရင် ဂိုးတွေ အများကြီး သွင်းယူနိုင်မှာပါ။ ကျွန်တော်ကတော့ တိုက်စစ်မှူးတစ်ယောက် အနေနဲ့ပဲ ကစားချင်ပါတယ်။ အဲ့ဒီနေရာမှာဆိုရင် ကျွန်တော် ဒီ့ထက်ပိုပြီး ကစားနိုင်မယ်ဆိုတာ အသေအချာပါပဲ” ဟု ကာဗာနီက ပြောကြားခဲ့သည်။
ကာဗာနီအနေဖြင့် အသင်းမှ ထွက်ခွာရန် ကြိုးပမ်းနေသော်လည်း ၎င်း၏ ပြောင်းရွှေ့ကြေးမှာ နည်းပါးဖွယ် မရှိပေ။
ကာဗာနီနှင့် ပီအက်စ်ဂျီတို့၏ စာချုပ်သည် ၂၀၁၈ ခုနှစ် ဇွန်လတွင် ကုန်ဆုံးမည် ဖြစ်ပြီး အသင်းဥက္ကဋ္ဌ နက်ဆာအယ်လ် ခီလိုင်ဖီက ဥရုဂွေး တိုက်စစ်မှူးအတွက် ယူရို သန်း ၅၀ ဖြင့် ကမ်းလှမ်းပင်လျှင် ရောင်းချမည် မဟုတ်ကြောင်း ပြီးခဲ့သည့်လက ပြောကြားထားသည်။
Soccer Myanmar
No comments:
Post a Comment