Pages

Friday, May 8, 2015

မန်ချက်စတာယူနိုက်တက်ကို ငြင်းပယ်ရန် အလွန်ခက်ခဲကြောင်း ဒီပေး ဆို



မန်ချက်စတာယူနိုက်တက်ကို ငြင်းပယ်ရန် အလွန်ခက်ခဲကြောင်း ဒီပေး ဆို

အိုးထရတ်ဖို့ဒ်သို့ ယူရိုသန်း ၃၀ ဖြင့် ပြောင်းရွှေ့မှုကို ကြာသပတေးနေ့က အတည်ပြုခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ကို ငြင်းပယ်ရန် အလွန်ခက်ခဲကြောင်း ပီအက်စ်ဗွီ ကြယ်ပွင့် မန်ဖစ်ဒီပေးက ပြောကြားလိုက်သည်။

အသက် ၂၁ နှစ်အရွယ် ဒီပေးသည် နယ်သာလန်လိဂ်တွင် ခြေစွမ်းပြသခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့ပြီး မကြာမီတွင် အသင်းသစ်၌ ဆေးစစ်မှု ခံယူသွားမည် ဖြစ်သည်။
ဒီပေးသည် လက်ရှိ မန်ချက်စတာယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်နှင့်အတူ နယ်သာလန်တွင် အတူလက်တွဲခဲ့ဖူးသူ ဖြစ်ပြီး ပြီးခဲ့သည့် နွေရာသီက ကျင်းပခဲ့သော ကမ္ဘာ့ဖလားတွင် ကစားခဲ့သည့်အတိုင်း ကလပ်အသင်းသစ်တွင် စွမ်းဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဆိုခဲ့သည်။

“ဗန်ဂါးလ်ရဲ့ လက်အောက်မှာ ထပ်ကစားရမယ်ဆိုတာက ကြီးမားတဲ့ အပိုဆုတစ်ရပ်ပါ။ မန်ချက်စတာယူနိုက်တက်ဟာ ကျွန်တော့်ရဲ့ အိပ်မက်အသင်း ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီမှာ ကစားနေတဲ့ ကစားသမားတွေရဲ့ စည်းရုံးသိမ်းသွင်းမှုတွေ မလိုခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ ယူနိုက်တက်မှာ ရှိတဲ့ ဒတ်ခ်ျအသင်းဖော်အချို့နဲ့ရော အခြား ကစားသမားတွေနဲ့ အတူတွဲဖက် ကစားဖို့ မျှော်လင့်စောင့်စားနေပါတယ်။ မန်ချက်စတာယူနိုက်တက်လို အသင်းက စိတ်ဝင်စားမှုကို မငြင်းနိုင်ခဲ့ပါဘူး” ဟု ဒီပေးက ပြောကြားခဲ့သည်။

ဒီပေးကို ပရီးမီးယားလိဂ် အသင်းဖြစ်သည့် လီဗာပူးလ်နှင့် လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီတို့က ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သည်။

“အခုအချိန်က အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အခိုက်အတန့်ပါ။ ထိပ်တန်းကလပ် အများကြီးတွေထဲက ရွေးချယ်ရတာဟာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ အခုအပြောင်းအရွှေ့ဟာ ကျွန်တော့်ရဲ့ စိတ်ခံစားမှုကြောင့်ပါ။ ငွေကြေးကြောင့် မဟုတ်ပါဘူး” ဟု နယ်သာလန် လက်ရွေးစင် ကစားသမားက ဆိုခဲ့သည်။
ဒီပေးသည် ၂၀၁၁-၁၂ ဘောလုံးရာသီတွင် ပီအက်စ်ဗွီ၌ ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီးနောက် အသင်း၏ အဓိက ကစားသမားတစ်ဦး အနေဖြင့် ပါဝင်ခဲ့ပြီး ပြိုင်ပွဲအရပ်ရပ်တွင် ပွဲ ၁၀၀ ကျော် ကစားခဲ့သည်။

၎င်းသည် နယ်သာလန်လိဂ်၏ သွင်းဂိုးအများဆုံးစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ၂၈ ပွဲတွင် ၂၁ ဂိုး သွင်းယူထားသည်။

Soccer Myanmar

No comments:

Post a Comment