Pages
▼
Thursday, May 7, 2015
ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရန် မျှော်လင့်ချက် အလွန် နည်းသွားပြီဟု မူလာ ဝန်ခံ
ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရန် မျှော်လင့်ချက် အလွန် နည်းသွားပြီဟု မူလာ ဝန်ခံ
ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်ရေးအတွက် အံ့ဩဘနန်း ကံကြမ္မာ အပြောင်းအလဲမျိုး လိုအပ်လာပြီဟု ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး သောမတ်စ်မူလာက ဝန်ခံပြောကြားလိုက်သည်။
ဂျာမန်လက်ရွေးစင် ကစားသမားသည် အဝေးကွင်း နူးကမ့်တွင် ဘာစီလိုနာအား (၃-၀)ဖြင့် အရေးနိမ့်ခဲ့သည့် ဘိုင်ယန်၏ လက်ရှိ အနေအထားသည် ဗိုလ်လုပွဲကို မျှော်လင့်ရန် အလွန် ခဲယဉ်းသွားပြီဟု လက်ခံထားသည်။ အဓိက တောင်ပံ တိုက်စစ်သမား နှစ်ဦးဖြစ်သည့် အာယန်ရော်ဘန်နှင့် ဖရန့်ခ်ရစ်ဘာရီတို့ မပါဝင်နိုင်သည့် ဘိုင်ယန်သည် ဘာစီလိုနာကို မည်သို့မျှ ယှဉ်မကစားနိုင် ခဲ့ဘဲ ပွဲချိန်(၇၅)မိနစ်နောက်ပိုင်း လီယွန်နယ်မက်ဆီ၊ နေမာတို့ သုံးဂိုးဆက်တိုက် သွင်းခြင်းကို ခွင့်ပြုလိုက်ရသည်။
ဘိုင်ယန်သည် လွန်ခဲ့သည့် (၂)နှစ်ခန့်က ဘာစီလိုနာကို နှစ်ကျော့ပေါင်း (၇-၀)ဖြင့် အပြတ်အသတ် နိုင်ဖူးသော်လည်း ယခုတစ်ကြိမ်တွင်မူ စပိန်ကလပ်က လှလှပပ ကလဲ့စား ချေသွားခဲ့သည်။ မူလာက “ဒီပွဲမှာ ကျွန်တော်တို့ အချိန်အတော်ကြာကြာ အကောင်းဆုံး ခုခံကစားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာမှာက နိုးကြားပြီး မြန်နှုန်း အရမ်းအားကောင်းတဲ့ ကစားသမားတွေ ရှိနေတာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ်။ ဂိုးသမား မန်နျူရယ်လ် နျူအာက အခြေအနေ နှစ်ခုလောက်မှာ အသင်းအတွက် အကာအကွယ် ပေးသွားတယ်။ ဒုတိယပိုင်းမှာ အခြေအနေ ကောင်းနေတယ်လို့ ခံစားမိခဲ့ပြီး တစ်ဖက်ကို အခွင့်အရေး ကြီးကြီးမားမား မပေးခဲ့ဘူး။ ဒါပေမဲ့ တကယ်တမ်း နူးကမ့်မှာ ကစားရတာ မလွယ်ပါဘူး။ သုံးဂိုးပြတ် ရှုံးလိမ့်မယ်လို့ မထင်ပေမယ့် တကယ်တော့ ရှုံးသွားတယ်။ အခုအချိန်မှာ ဘယ်သူ့ကြောင့် ရှုံးပါတယ်ဆိုပြီး လိုက်အပြစ်တင်နေရမှာ မဟုတ်ဘူး။ ကျွန်တော်တို့အားလုံး ဒီရလဒ်ကို တာဝန်ယူရပါမယ်”ဟု ဆိုသည်။
၎င်းက “တကယ်လို့ ကျွန်တော်တို့ဟာ ဒီရလဒ်ကို ပြောင်းလဲပစ်လိုက်နိုင်မယ် ဆိုရင်တော့ တကယ့်ကို ထူးကဲတဲ့ အခြေအနေ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်ဖို့က တကယ့်ကို အံ့ဩစရာ ကံတရားလည်း လိုလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ဘိုင်ယန်ဟာ ဗိုလ်လုပွဲ ရောက်ရေးအတွက် အိမ်ကွင်း အေလီယန့်ဇ်မှာ အစွမ်းရှိသမျှ အားထုတ် ကြိုးစားသွားမှာတော့ သေချာပါတယ်”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
No comments:
Post a Comment