Pages

Thursday, May 7, 2015

မက်ဆီ၏ အဖွင့်ဂိုး မတိုင်မီ ပွဲကို လိုအပ်သလို ဘိုင်ယန် ထိန်းချုပ်ထားနိုင်ခဲ့ဟု ဂွာဒီယိုလာပြောကြား



မက်ဆီ၏ အဖွင့်ဂိုး မတိုင်မီ ပွဲကို လိုအပ်သလို ဘိုင်ယန် ထိန်းချုပ်ထားနိုင်ခဲ့ဟု ဂွာဒီယိုလာပြောကြား

ဘိုင်ယန်မြူးနစ် အနေဖြင့် မိမိတို့ အလိုရှိသည့် အခြေအနေ အတိုင်း ပွဲကို ထိန်းထားနိုင် ခဲ့သော်လည်း လီယွန်နယ် မက်ဆီ၏ ပဉ္စလက် ခြေစွမ်းတွင် ဒုက္ခတွေ့သွားခဲ့ခြင်းဟု နည်းပြ ဂျိုးဆက် ပက်ပ်ဂွာဒီယိုလာက ဖွင့်ဟ ပြောကြားခဲ့သည်။

ဂွာဒီယိုလာသည် ၎င်း(၄)နှစ်ကြာ ကိုင်တွယ်ပြီး ဆုဖလား အများအပြား ရယူပေးနိုင် ခဲ့သည့် အသင်းဟောင်းကို နူးကမ့်တွင် သွားရောက် ယှဉ်ပြိုင်ခဲ့ရာ၌ (၃-၀)ဖြင့် အရေးနိမ့်ပြီးနောက် ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲ အဆင့်မှပင် ထွက်ခွာရရန် နီးစပ်နေပြီ ဖြစ်သည်။ ဘိုင်ယန်သည် ဒုတိယ အကျော့တွင် ဘာစီလိုနာကို (၄)ဂိုးပြတ် အနိုင်ကစားရမည်ဖြစ်ပြီး ပေးဂိုးတစ်ဂိုးမျှ ခွင့်ပြုလိုက်ရုံဖြင့် မျှော်လင့်ချက် ကုန်သွားမည့် သဘောမျိုး ဖြစ်နေသည်။ နူးကမ့်တွင် ကစားသည့် ပွဲစဉ်၌ ပွဲချိန် (၇၆)မိနစ်နှင့် မိနစ်(၈၀)တို့တွင် မက်ဆီက ဦးဆောင်ဂိုးများ သွင်းပြီး ပွဲပြီးခါနီးတွင် နေမာက အပိတ်ဂိုး ထပ်သွင်းကာ ဘာစီလိုနာတို့ ဂိုးပြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဂွာဒီယိုလာက “ဘိုင်ယန်ဟာ လိုအပ်တဲ့ အခြေအနေကို အကြာကြီး ထိန်းထားနိုင်ခဲ့တယ်”ဟု ဆိုသည်။ သို့သော်လည်း အဆိုပါ ပွဲစဉ်တွင် ဘိုင်ယန်သည် (၂၀၀၆)ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ် ပွဲစဉ်တစ်ခု၌ ဘောလုံးပိုင်ဆိုင်မှု အနည်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဂွာဒီယိုလာက “နောက်ပိုင်းမှာ မက်ဆီက သူ့ရဲ့ အဆင့်အတန်းကို ပြသွားတယ်။ တကယ်တော့ ဘာစီလိုနာဟာ သူတစ်ယောက်တည်းအားနဲ့ တည်ဆောက်ထားတဲ့ အသင်းတော့ မဟုတ်ပါဘူး။ သူတို့က သိပ်ခိုင်မာ တောင့်တင်းတယ်။ လူးဝစ်ဆွာရက်ဇ်နဲ့ နေမာတို့လို တစ်ဦးချင်း ထူးချွန်သူတွေလည်း ရှိနေသေးတယ်”ဟု မှတ်ချက်ပြုခဲ့သည်။

စပိန်သား နည်းပြက “ဘာစီလိုနာက နေရာလွတ်တွေ ရှာဖွေဖန်တီးတဲ့ နေရာမှာ အင်မတန်ကောင်းတယ်။ သူတို့ လိုချင်တဲ့ နေရာမှာ လွတ်သွားအောင် လုပ်နိုင်တယ်။ အဲဒါကိုက သူတို့အသင်းရဲ့ အရည်အချင်းပဲ။ အဲဒါကြောင့်ပဲ အဆုံးမှာ ကျွန်တော်တို့ ရှုံးခဲ့ရတယ်။ နူးကမ့်မှာ ကစားရတာ အင်မတန် ခက်ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာ ပထမဂိုး ရမသွားခင်ထိ ကျွန်တော်တို့ဟာ ပွဲကို လိုချင်တဲ့အတိုင်း ထိန်းထားနိုင်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ကစားသမားတွေကို အပြစ်မတင်ပါဘူး။ ဒီရာသီမှာ အသင်းဟာ ခက်ခဲတဲ့ အခြေအနေ အတော်များများကို ဖြတ်ကျော်ခဲ့ရပါတယ်”ဟု ပြောကြားသွားသည်။

Soccer Myanmar

No comments:

Post a Comment