Pages

Sunday, June 21, 2015

လီဗာပူးလ်မှ ထွက်ခွာရန် ဘိုရီနီ ဆန္ဒရှိနေကြောင်း ၎င်း၏အေးဂျင့် ဖွင့်ဟ



လီဗာပူးလ်မှ ထွက်ခွာရန် ဘိုရီနီ ဆန္ဒရှိနေကြောင်း ၎င်း၏အေးဂျင့် ဖွင့်ဟ

လီဗာပူးလ် တိုက်စစ် ကစားသမား ဖေဘီယို ဘိုရီနီသည် နွေရာသီတွင် အန်ဖီးလ်မှ ထွက်ခွာရန် ဆန္ဒရှိနေကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောကြားလိုက်သည်။

အီတလီ ကစားသမားသည် ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယားလိဂ်တွင် ၁၂ ပွဲသာ ပါဝင်ကစားခဲ့ရပြီးနောက် ၎င်း၏အကြံပေးဖြစ်သူ မာကိုဒီမာချီက ကစားသမား အနေဖြင့် ပွဲထွက်ကစားခွင့် ပိုမိုရရှိသည့် အသင်းသို့ ပြောင်းရွှေ့ရန် စဉ်းစားနေကြောင်းဆိုခဲ့သည်။

“ဖေဘီယိုက အတွေ့အကြုံသစ်တွေ ရယူဖို့ ဆန္ဒရှိနေပါတယ်။ သူ့ကို ဥရောပတစ်ဝန်းက ထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေပါတယ်။ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ်နဲ့ ဘွန်ဒက်စ်လီဂါက အသင်းတွေ ပါသလို အီတလီက အသင်းတွေလည်း ပါပါတယ်။ သူက အသင်းမှာပါဝင်ကစားခွင့်ရပြီး သူဘာလုပ်နိုင်တယ်ဆိုတာကို သက်သေပြလို့ရမယ့် အသင်းကို ပြောင်းချင်နေတာပါ။ အခုအချိန်မှာသူက လှောင်အိမ်ထဲမှာ ပိတ်ခံထားရတဲ့ ခြင်္သေ့တစ်ကောင်လို ခံစားနေရပါတယ်” ဟု ဒီမာချီက ပြောကြားခဲ့သည်။

ဘိုရီနီသည် ၂၀၁၂ ခုနှစ် နွေရာသီက ရိုးမားမှ လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး လက်ရှိစာချုပ်မှာ လာမည့်နှစ် ဘောလုံးရာသီအပြီးတွင် ကုန်ဆုံးမည်ဖြစ်သည်။

အသက် ၂၄ နှစ်အရွယ် ကစားသမားသည် ၂၀၁၃-၁၄ ဘောလုံးရာသီက ဆန်းဒါးလန်းသို့ အငှားဖြင့် သွားရောက်ကစားခဲ့ရာတွင် လိဂ်ပွဲ ၂၅ ပွဲ ကစားခဲ့ရပြီး ၇ ဂိုး သွင်းယူနိုင်ခဲ့သည်။

လီဗာပူးလ်သည် ဘိုရီနီကို ပေါင် ၁၂ သန်းဖြင့် ဆန်းဒါးလန်းသို့ ရောင်းချရန် သဘောတူညီမှု ရရှိခဲ့သော်လည်း ကစားသမားက အပြီးသတ်ပြောင်းရွှေ့ရန် ငြင်းဆိုခဲ့သည်။

Soccer Myanmar

No comments:

Post a Comment