Pages
▼
Friday, June 19, 2015
ရီးယဲလ်တွင် ရော်နယ်လ်ဒိုကို စံနမူနာထား သင်ယူခဲ့ကြောင်း ဟာနန်ဒက်ဇ် ဖွင့်ဟ
ရီးယဲလ်တွင် ရော်နယ်လ်ဒိုကို စံနမူနာထား သင်ယူခဲ့ကြောင်း ဟာနန်ဒက်ဇ် ဖွင့်ဟ
ရီးယဲလ်မက်ဒရစ်တွင် တစ်ရာသီ အငှားထွက်ကစားခဲ့ချိန်၌ ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် မိမိအတွက် စံပြ ကစားသမား ဖြစ်ခဲ့ကြောင်း ဟာဗီးယား ဟာနန်ဒက်ဇ်က ဖွင့်ဟ ပြောကြားခဲ့သည်။
မန်ချက်စတာ ယူနိုက်တက်မှ ရီးယဲလ်သို့ တစ်ရာသီ အငှားပြောင်းရွှေ့ ကစားခဲ့ရာတွင် ဟာနန်ဒက်ဇ်သည် အရန်ကစားသမား အနေဖြင့်သာ အချိန်ကုန်ခဲ့ရပြီး စိတ်ပျက်ဖွယ်ရာ ဖြတ်သန်းခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ရီးယဲလ်တွင် ရှိနေချိန်၌ ပေါ်တူဂီ လက်ရွေးစင် ရော်နယ်လ်ဒို၏ လွှမ်းမိုးမှု အရိပ်အောက်တွင် မိမိ အထင်တကြီး ရှိခဲ့ကြောင်း ဟာနန်ဒက်ဇ်က ဖွင့်ဟခဲ့သည်။ ၎င်းသည် ဘာနေဗျူးတွင် ရီးယဲလ်အတွက် လာလီဂါ (၇)ပွဲသာ ကစားခဲ့ရသော်လည်း ရော်နယ်လ်ဒိုထံမှ အများအပြား သင်ယူခွင့် ရခဲ့ကြောင်း ဆိုသည်။
ဟာနန်ဒက်ဇ်က “ရော်နယ်လ်ဒိုဟာ တကယ်ထူးချွန်တဲ့ ကစားသမား တစ်ယောက်ပါ။ သူ့အရည်အသွေးတွေကို ပုံဖော်ပြဖို့ လုံလောက်တဲ့ စကားလုံး မရှိနိုင်ပါဘူး။ သူဟာ ကြိုးစားအားထုတ်မှုနဲ့ ပတ်သက်ရင် အကောင်းဆုံး ဥပမာပေးရမယ် လူမျိုး ဖြစ်ပါတယ်။ ရီးယဲလ်နဲ့ ဖြတ်သန်းခဲ့တဲ့ တစ်ရာသီလုံးဟာ သင်ယူစရာတွေ ပြည့်နှက်နေခဲ့ပါတယ်။ ကစားသမား တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပြန်ထူထောင်ဖို့အတွက် ဒီကာလတွေက အကူအညီ ပေးခဲ့ပါတယ်။ အရန်ခုံမှာ ထိုင်နေရာတာအတွက်တော့ စိတ်ပျက်မိပါတယ်။ ကျွန်တော်က အရေးမပါသူ တစ်ယောက်လို ခံစားမိတယ်လေ”ဟု ဖွင့်ဟခဲ့သည်။
ဟာနန်ဒက်ဇ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် အက်သလက်တီကို မက်ဒရစ်ကို အနိုင်ဂိုး သွင်းယူနိုင်ခဲ့ခြင်းသည် ရီးယဲလ်ကစားသမားဘဝ အမှတ်ရစရာ အခိုက်အတန့် ဖြစ်ခဲ့ကြောင်းမူ ဝန်ခံခဲ့သည်။ “အက်သလက်တီကိုဘက် သွင်းခဲ့တဲ့ ဂိုးကတော့ စိတ်သက်သာရာ ရစရာပါပဲ။ ဒီရာသီက ခက်ခဲခဲ့ပါတယ်။ ကျွန်တော့်အတွက် အခွင့်အရေးကလည်း နည်းနည်းပဲ ရတယ်လေ”ဟု ဟာနန်ဒက်ဇ်က ပြောကြားသွားသည်။
Soccer Myanmar
No comments:
Post a Comment