Pages

Wednesday, July 1, 2015

လီဗာပူးလ်တွင် ဖာမီနို အောင်မြင်မည်ဟု အသင်းဖော်ဟောင်း မှတ်ချက်ပြု



လီဗာပူးလ်တွင် ဖာမီနို အောင်မြင်မည်ဟု အသင်းဖော်ဟောင်း မှတ်ချက်ပြု

ရောဘတ်တို ဖာမီနိုသည် လီဗာပူးလ်တွင် အောင်မြင်ရန် လိုအပ်သော အရည်အသွေး အားလုံးနှင့် ပြည့်စုံနေသူဖြစ်ကြောင်း အသင်းဖော်ဟောင်း ဟူရယ်လ်ဟို ဂိုမက်စ်က ချီးကျူး ပြောကြားခဲ့သည်။

လက်ရှိ ဝတ်ဖို့ဒ်အသင်းတွင် ကစားနေသည့် ဂိုးသမားသည် တော့တင်ဟမ် ဟော့စပါး ကစားသမား ဘဝက ဟော်ဖန်ဟိုင်းသို့ အငှားသွားရောက် ကစားဖူးရာ ဖာမီနို၏ ခြေစွမ်းကို အနီးကပ် လေ့လာခဲ့ဖူးသူ ဖြစ်သည်။ ဘရာဇီးလ် ဂိုးသမားက ၎င်း၏ တစ်နိုင်ငံတည်းသား ကွင်းလယ်တိုက်စစ်မှူးလေးသည် ပရီးမီးယားလိဂ်တွင် အထင်ကြီးလောက်ဖွယ်ရာ အရည်အသွေးကောင်းများ ပြသနိုင်မည်ဟု ယုံကြည်နေသည်။ လီဗာပူးလ်သည် အဓိက ကစားသမား ရာဟင်မ် စတာလင်ကို ဆက်ထိန်းထားရန် ခက်ခဲနေသည့် အနေအထား၌ ဖာမီနိုကို ကလပ်သမိုင်းတစ်လျှောက် ဒုတိယအမြင့်ဆုံး ပြောင်းရွှေ့ကြေးအဖြစ် ပေါင်စတာလင် (၂၉)သန်း ပေးချေပြီး ဟော်ဖန်ဟိုင်းထံမှ ခေါ်ယူထားလိုက်သည်။

ဂိုမက်စ်က ဖာမီနို အနေဖြင့် အင်္ဂလန် ဘောလုံးလောကတွင် အံဝင်အဆင်ပြေရန် အနည်းငယ် အချိန်ယူကောင်း ယူရမည် ဖြစ်သည့်တိုင် ၎င်း၏ ကိုယ်ရည်ကိုယ်သွေးများကြောင့် ထိပ်တန်းကစားသမား တစ်ဦးအနေဖြင့် ရပ်တည်လာနိုင်မည်ဟု ထင်ကြေးပေးခဲ့သည်။ “သူက တကယ့်ကို အရည်အသွေး ပြည့်ဝတဲ့ ကစားသမား တစ်ယောက်ပါ။ ဟော်ဖန်ဟိုင်းမှာ ကျွန်တော် ပွဲစဉ်တချို့ ကစားခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူဟာ ဒီအဆင့်လောက်တော့ မရောက်သေးဘူး။ ဒါပေမဲ့ အရမ်းကောင်းလာမယ့် ကစားသမား တစ်ယောက်မှန်း ကျွန်တော် ကြိုမြင်နိုင်ခဲ့တယ်”ဟု ဂိုမက်စ်က ပြောကြားခဲ့သည်။

၎င်းက “သူ့ကို ခေါ်လိုက်နိုင်တာဟာ လီဗာပူးလ်အတွက် သိပ်ကောင်းတဲ့ အားဖြည့်မှု တစ်ရပ်ပါ။ သူဟာ ပရီးမီးယားလိဂ်မှာ ကောင်းကောင်းကြီး ကစားပြနိုင်စွမ်း ရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားရတာ ခက်ခဲတာတော့ အမှန်ပါပဲ။ ဒါကြောင့် သူဟာ အံဝင် အထိုင်ကျလာဖို့ အချိန်တော့ လိုကောင်းလိုလိမ့်မယ်။ သူ့အသက်လည်း ငယ်သေးတယ်လေ။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ လိုအပ်တဲ့ အရည်အသွေးအားလုံး သူက ပိုင်ဆိုင်ထားပါတယ်”ဟုလည်း ဆိုသည်။

ဂိုမက်စ်က ဆက်လက်၍ “ဖာမီနိုဟာ တကယ့် ကွာလတီ ကစားသမား တစ်ယောက်ပါ။ သူက ဘောလုံးကို ကောင်းကောင်းကြီး ထိန်းချုပ် ကိုင်တွယ်နိုင်တယ်။ ဘောလုံး အခင်းအကျင်းတွေ အရမ်းသေသပ်တယ်။ တိုက်စစ်မှူးတွေနောက်က လိုက်ကစားရတဲ့ နေရာဟာ သူ့အတွက် အကောင်းဆုံးလို့ ကျွန်တော် ထင်ပါတယ်။ ခံစစ်ကို သိပ်မဆင်းတဲ့ အခြေအနေမျိုးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အဓိက အရည်အသွေးတွေက ဘောလုံးကို ပေးပို့တာရယ်၊ ကိုယ်တိုင် အဆုံးသတ် ဂိုးသွင်းတာရယ် ဖြစ်နေတယ်လေ”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

No comments:

Post a Comment