Pages

Friday, July 3, 2015

လီဗာပူးလ်နှင့်အတူ ရနိုင်သမျှ ဆုဖလားအားလုံး ဆွတ်ခူးသွားနိုင်ရန် ကလင်းမျှော်လင့်



လီဗာပူးလ်နှင့်အတူ ရနိုင်သမျှ ဆုဖလားအားလုံး ဆွတ်ခူးသွားနိုင်ရန် ကလင်းမျှော်လင့်

လီဗာပူးလ်သို့ ပြောင်းရွှေ့လာသည့် နောက်ခံလူ နသန်နီရယ်လ် ကလင်းက မိမိအနေဖြင့် အသင်းနှင့်အတူ ရနိုင်သမျှ ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင် ကြိုးစားသွားလိုကြောင်း ဖွင့်ဟ ပြောကြားလိုက်သည်။

အသက်(၂၄)နှစ်ရှိ အင်္ဂလန် ညာတောင်ပံ ခံစစ်မှူးသည် ဆောက်သမ်တန်မှ လီဗာပူးလ်သို့ ပေါင်စတာလင် (၁၂.၅)သန်းဖြင့် ပြောင်းရွှေ့လာပြီး (၅)နှစ် သက်တမ်းရှိ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ ၎င်းသည် ဂျိမ်းစ်မီလ်နာ၊ ဒန်နီအင်းစ်၊ အဒမ်ဘော့ဂ်ဒန်၊ ဂျိုးဂိုမက်ဇ်၊ ရောဘတ်တို ဖာမီနိုတို့အပြီး ယခုနွေရာသီတွင် လီဗာပူးလ်သို့ ဆဋ္ဌမမြောက် ရောက်ရှိလာသည့် ကစားသမားသစ်လည်း ဖြစ်လာသည်။ ကလင်းက “ထိပ်တန်း အသင်းကြီး တစ်ခုမှာ ကစားဖို့ဆိုတဲ့ ကျွန်တော့်အိပ်မက်တွေ တကယ်ဖြစ်လာတာကို ဝမ်းသာမိပါတယ်။ လီဗာပူးလ်ဟာ သမိုင်းကြောင်း ကြီးကျယ်တဲ့ အသင်းတစ်ခုပါ။ အသင်းအတွက် စကစားပေးဖို့ မစောင့်နိုင်အောင် ဖြစ်နေမိပါပြီ”ဟု ဆိုသည်။

၎င်းက “တကယ်လို့ လီဗာပူးလ်ဟာ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေမှ ကောင်းကောင်း ပြင်ဆင်နိုင်ပြီး ရာသီသစ်ကို ပုံစံကောင်းနဲ့ အစပြုနိုင်မယ်ဆိုရင် အခြေအနေ ကောင်းနိုင်ပါတယ်။ ကျွန်တော်တို့မှာ အဲဒီမျှော်မှန်းချက်ကို လက်တွေ့ လုပ်နိုင်မယ့် ကစားသမားတွေ ရှိနေတယ်ဆိုတာ အားလုံးအမြင်ပါ။ ဒီရာသီ အသင်းအတွက် ကစားခွင့်ရှိသမျှ ပြိုင်ပွဲတိုင်းမှာ ကျွန်တော်တို့ကတော့ အောင်ပွဲခံ အနိုင်ရဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော် ဖြစ်ချင်တဲ့ အခြေအနေပါ။ လီဗာပူးလ်နဲ့အတူ ဖြစ်နိုင်သမျှ ပြိုင်ပွဲအားလုံးက ဆုဖလားတိုင်းကို ရယူသွားချင်ပါတယ်။ ကျွန်တော်ဟာ လောလောဆယ် တိုးတက်အောင် တည်ဆောက်နေဆဲ ကစားသမား တစ်ယောက်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်လို အသင်းမျိုးမှာ ကစားနိုင်ဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည် ရှိနေပြီလို့တော့ ယုံကြည်ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။

၎င်းက အန်းဖီးလ်သို့ ရောက်ရှိလာမှုတွင် ယခင်အသင်းဖော်ဟောင်း အဒမ်လယ်လာနာက အဓိက ကျခဲ့ကြောင်းလည်း ဆိုသည်။ လယ်လာနာသည် ပြီးခဲ့သည့် နွေရာသီက ဆောက်သမ်တန်မှ လီဗာပူးလ်သို့ ကူးပြောင်းခဲ့သူ ဖြစ်သည်။ ကလင်းက “လယ်လာနာက လီဗာပူးလ်ဟာ အသင်းကောင်း တစ်ခုဖြစ်ကြောင်း ပြောပြပါတယ်။ ပရိသတ် အခိုင်အမာ ရှိနေတဲ့ ဧရာမ အသင်းကြီးတစ်ခု ဆိုတာကိုပေါ့။ အသင်းမှာက အရည်အသွေးမြင့်တဲ့ ကစားသမားတွေကို စုဆောင်းထားတာပါ။ ကျွန်တော်သာ ရောက်လာမယ်ဆိုရင် အားလုံးက နွေးနွေးထွေးထွေး ကြိုဆိုကြမယ်လို့ သူက ပြောပြခဲ့ပါတယ်”ဟု ဖွင့်ဟသွားသည်။

Soccer Myanmar

No comments:

Post a Comment