Pages
▼
Friday, July 3, 2015
ဗန်ပါစီကို ရောင်းထုတ်ရန် ယူနိုက်တက် ကြိုးစားနေဟု နယ်သာလန် လက်ရွေးစင်ဟောင်း ဟုဂ်ျဒွန့်ခ်စွပ်စွဲ
ဗန်ပါစီကို ရောင်းထုတ်ရန် ယူနိုက်တက် ကြိုးစားနေဟု နယ်သာလန် လက်ရွေးစင်ဟောင်း ဟုဂ်ျဒွန့်ခ်စွပ်စွဲ
မန်ချက်စတာ ယူနိုက်တက် အသင်းသည် ကစားသမားကို အတိအလင်း အသိမပေးဘဲ ရော်ဘင်ဗန်ပါစီကို ရောင်းထုတ်ရန် ကြိုးစားနေကြောင်း နယ်သာလန် တိုက်စစ်မှူးဟောင်း ပီယဲရာ ဗန်ဟုဂ်ျဒွန့်ခ်က ဝေဖန် ပြောကြားလိုက်သည်။
ဗန်ပါစီသည် ယခုနွေရာသီတွင် အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာဖြစ်မည်ဟု သတင်းကြီးနေသော်လည်း တိတိကျကျ ချိတ်ဆက်ကမ်းလှမ်းသည့် အသင်းမျိုး မရှိသေးဘဲ ဖြစ်နေသည်။ ၎င်းသည် ပြီးခဲ့သည့် ရာသီက ဒဏ်ရာ ပြဿနာများဖြင့် ရုန်းကန်ခဲ့ရပြီး မန်နေဂျာ လူးဝစ်ဗန်ဂါးလ်၏ အသင်းတွင် ပွဲထွက် (၁၁)ယောက် နေရာ၌ ဝင်ဆံ့ရန် ရုန်းကန်ခဲ့ရသည်။ အသက်(၃၁)နှစ်ရှိ ဗန်ပါစီက မိမိသည် လာမည့်ရာသီတွင် ပုံမှန်ပွဲထွက် ကစားခွင့်ရမည့် အခြေအနေကို ဦးစားပေးပြီး အနာဂတ်ကို ရွေးချယ် စဉ်းစားမည်ဟု အရိပ်အမြွက် ပြောဆိုထားပြီး ဟုဂ်ျဒွန့်ခ်ကမူ ယူနိုက်တက်သည် ဇန်နဝါရီလ ကတည်းက ဗန်ပါစီကို ရောင်းချရန်အတွက် ဝယ်လက်များကို လိုက်လံ ရှာဖွေနေကြောင်း စွပ်စွဲခဲ့သည်။
“ဇန်နဝါရီ လဆန်းလောက် ကတည်းက ကျွန်တော်က တူရကီဘက်ကနေ သတင်းတွေရတယ်။ ဗန်ပါစီနဲ့ ဖီနာဘာချီ သတင်းပါ။ ပြောရရင် ယူနိုက်တက်က ကိုယ်စားလှယ်တချို့ လွှတ်ပြီး အပြောင်းအရွှေ့ ဖြစ်နိုင်ခြေကို ဆွေးနွေးရာက ခုလို သတင်းတွေ ထွက်လာတာ ဖြစ်ပါတယ်”ဟု ဟုဂ်ျဒွန့်ခ်က Daily Mirrorသို့ ပြောကြားခဲ့သည်။ ဟုဂ်ျဒွန့်ခ်သည် ဖီနာဘာချီတွင် ကစားခဲ့ဖူးသူ တစ်ဦးဖြစ်သည်။ ၎င်းက “အေးဂျင့်တွေနဲ့ တခြားကိုယ်စားလှယ်တွေက ဗန်ပါစီအတွက် ပြောင်းရွှေ့ကြေး မြင့်မြင့်ပေးနိုင်မယ့် အသင်းကို လိုက်ရှာခဲ့ကြတယ်။ သူ့စာချုပ်က နောက်နှစ်ဆို သက်တမ်းကုန်ပြီ။ ဒီတော့ သူ့ကို ရောင်းထုတ်ပြီး ငွေရှာဖို့က ဒီဈေးကွက်မှာပဲ အချိန်ရတော့မယ်”ဟုလည်း ထောက်ပြခဲ့သည်။
ဟုဂ်ျဒွန့်ခ်က ဆက်လက်၍ “ဗန်ပါစီဟာ လောလောဆယ် ခက်ခဲတဲ့ အခြေအနေ တစ်ခုနဲ့ ရုန်းကန်နေရပါတယ်။ အပြင်လောကကိုတော့ သူဟာ ပျော်ပျော်ရွှင်ရွှင် ရှိနေပါတယ်လို့ ပြောဆိုနေရှာတယ်။ ဒါကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက် သူ့ကို ဖယ်ထုတ်ချင်နေပြီ ဆိုတာမျိုး ဗန်ပါစီ ခံစားနေရပါလိမ့်မယ်။ အင်္ဂလန်၊ ဒါမှမဟုတ် စပိန်နဲ့ ဂျာမနီက အသင်းကြီး တစ်ခုခုကတော့ သူ့အတွက် ပိုပြီး ဆွဲဆောင်မှုရှိမယ့် ရွေးချယ်ရာ ဖြစ်နိုင်တယ်။ အသင်းနှစ်ခုက အပြောင်းအရွှေ့အတွက် အကြံကြီးကြီးနဲ့ သဘောတူညီထားပြီ ဆိုတာကို ကစားသမားက နောက်ပိုင်းမှ ပြန်သိလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။
၎င်းက ဗန်ပါစီ အနေဖြင့် ဖီနာဘာချီကို ရွေးချယ်မည် ဆိုပါက အဆင်ပြေမည် ဟုလည်း အကြံပြုထားသေးသည်။ “သေချာတာပေါ့ဗျာ။ အီစတန်ဘူလ်မြို့မှာ နေရထိုင်ရတာ တော်တော်အဆင်ပြေတယ်။ ငွေရေးကြေးရေးကလည်း အခြေအနေကောင်းပါတယ်။ ဒါပေမဲ့ တစ်ချက်ကတော့ တူရကီလိဂ်ဟာ ဥရောပမှာ ထိပ်တန်း အဆင့်အဖြစ်တော့ သတ်မှတ်မခံရဘူးလေ။ လောလောဆယ် ဗန်ပါစီအတွက် တွေးစရာ အများကြီး ရှိနေတယ်။ သူဟာ ပြင်သစ်မှာ ကစားမယ့် ဥရောပ ဖလားကို ယှဉ်ပြိုင်ချင်နေပြီး အဲဒါက သူ့ကစားသမားဘဝရဲ့ နောက်ဆုံး ဥရောပဖလားလည်း ဖြစ်နိုင်တယ်လေ။ ဒါကြောင့် ပြိုင်ပွဲမစခင် (၁၀)လလောက် အတွင်းမှာ သူ့အနေနဲ့ ပွဲများများ ကစားထားဖို့ လိုပါတယ်။ ဗန်ပါစီကို ကျွန်တော်ကတော့ ယူနိုက်တက်ကနေ ဒီနွေရာသီမှာ ထွက်ခွာသွားဖို့ အကြံပေးချင်ပါတယ်။ မြင်ရသမျှ အခြေအနေတိုင်းက အသင်းဟာ သူ့ကို ရောင်းချင်နေတာ သိသာတယ်။ ဒါကြောင့် ဒီအချိန် အသင်းကထွက်ဖို့ သင့်တော်နေပြီလို့ ကျွန်တော် ထင်ပါတယ်”ဟု ဟုဂ်ျဒွန့်ခ်က ပြောဆိုသွားသည်။
Soccer Myanmar
No comments:
Post a Comment