Pages
▼
Monday, March 9, 2015
ယူနိုက်တက်ကို အာဆင်နယ် တိုက်စစ်ဆင် ကစားသွားမည်ဟု ဝင်းဂါးပြောဆို
ယူနိုက်တက်ကို အာဆင်နယ် တိုက်စစ်ဆင် ကစားသွားမည်ဟု ဝင်းဂါးပြောဆို
အာဆင်နယ် အနေဖြင့် မန်ချက်စတာ ယူနိုက်တက်ကို တိုက်စစ်ဖွင့် ကစားသွားမည်ဖြစ်ကြောင်း မန်နေဂျာ အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။
အဆိုပါ နှစ်သင်းသည် FAဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ယူနိုက်တက်၏ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးတွင် ရင်ဆိုင် ကစားရမည် ဖြစ်သည်။ ထိုနှစ်သင်း ပရီးမီးယားလိဂ်တွင် ပထမအကျော့ တွေ့ဆုံစဉ်က အာဆင်နယ်၏ အမ်းမရိတ်စ်ကွင်းတွင် ယူနိုက်တက်က တန်ပြန်တိုက်စစ်ကို စနစ်တကျ ခင်းကျင်းပြီး (၂-၁)ဖြင့် အနိုင်ယူခဲ့သည်။ အာဆင်နယ်သည် အိုးလ်ထရက်ဖို့ဒ်တွင် ယူနိုက်တက်ကို အနိုင်မရခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုနီးပါးမျှ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လတ်တလောတွင် နောက်ဆုံး(၈)ပွဲ၌ (၇)ပွဲ အနိုင်ယူပြီး ပုံစံကောင်း ရရှိနေရာ ယခုပွဲစဉ်တွင် အစဉ်အလာပိုင်းကို တော်လှန်နိုင်ရန် ဝင်းဂါးက မျှော်လင့်နေသည်။
ဝင်းဂါးက “ပရီးမီးယားလိဂ်မှာ မန်ချက်စတာစီးတီးနဲ့ ဆုံတုန်းက ကျွန်တော်တို့ အဖွင့်ဂိုး ရအောင်သွင်းပြီးတဲ့နောက် ကျွန်တော်တို့ ခံစစ်ကို လုံအောင် အာရုံစိုက်ခဲ့တယ်။ ဒါကလည်း သူတို့အသင်းက ပိုပြီး ဖွင့်ကစားလာမယ် ဆိုတာကို သိနေလို့ပါ။ တနင်္လာနေ့ည ပွဲကျရင်တော့ ဘယ်အသင်းက ဂိုးစသွင်းမယ်ဆိုတာ မှန်းဖို့မလွယ်ဘူး”ဟု ဆိုသည်။ ၎င်းက “သေချာတာ တစ်ခုကတော့ နှစ်သင်းစလုံးက အနိုင်ရဖို့ အားထည့်မှာပဲ။ ကျွန်တော်တို့ အနေနဲ့ တိုက်စစ်ရော၊ ခံစစ်ပါ ကောင်းကောင်း ကစားဖို့ လိုတယ်။ ပွဲကို ကြိုတင် ဆန်းစစ်ရမယ်။ ဘောလုံးပိုင်ဆိုင်မှုကို ဘယ်လို ထိန်းချုပ်မယ် ဆိုတာကို စဉ်းစားရမယ်။ ဘောလုံးကို ပြိုင်ဘက်ရဲ့ ကွင်းဘက်မှာ ကတည်းက အပြတ်ဖြတ်မလား၊ ကိုယ့်ကွင်းဘက်မှာ အရယူပြီး တန်ပြန်တိုက်စစ် ဆင်မလား။ ဒါတွေကို တွေးရမယ်။ ဒီလိုပွဲမျိုးမှာ ဘောလုံးပိုင်ဆိုင်မှုဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်နိုင်ပါတယ်။ ပွဲမှာ ဝင်ကစားပြီးမှ ဘောလုံး လိုချင်ပါတယ် ပြောနေလို့ မရဘူးလေ”ဟုလည်း မှတ်ချက်ပြုခဲ့သည်။
ဝင်းဂါးက “တစ်ခါတစ်လေ ပြိုင်ဘက်က ပိုကောင်းနေရင် ကိုယ့်အသင်းက ဘောလုံးမရဘဲ ရှိတတ်တယ်။ တစ်ခါတစ်လေ ကိုယ်က (၁-၀)၊ (၂-၀)နဲ့ ဦးဆောင်နေရင် ခံစစ်ကို ပိုအားပြုဖို့ အခွင့်အရေး သာသွားတတ်တယ်။ ဒါပေမဲ့ ခြုံကြည့်ရင် ပရိသတ်တွေအတွက် အားကစား တန်ဖိုးဆိုတာ တိုက်စစ်ကို ပိုပြီး အားပြုကစားတာမျိုး မြင်ချင်ကြတာပါပဲ”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar

No comments:
Post a Comment