Pages
▼
Monday, March 9, 2015
ပေါ့ဂ်ဘာ ဂျူဗင်းတပ်စ်တွင် ဆက်ရှိရန် (၉၉)ရာခိုင်နှုန်း သေချာဟု အေးဂျင့်ပြောကြား
ပေါ့ဂ်ဘာ ဂျူဗင်းတပ်စ်တွင် ဆက်ရှိရန် (၉၉)ရာခိုင်နှုန်း သေချာဟု အေးဂျင့်ပြောကြား
ပေါလ်ပေါ့ဂ်ဘာကို အင်္ဂလန် ထိပ်တန်းကလပ်များက စိတ်ဝင်စားနေသည့်တိုင် ကစားသမားသည် ဂျူဗင်းတပ်စ်တွင် ဆက်ရှိရန် (၉၉)ရာခိုင်နှုန်းမျှ သေချာကြောင်း အေးဂျင့်ဖြစ်သူက ထုတ်ဖော် ပြောကြားခဲ့သည်။
ပြင်သစ် လက်ရွေးစင် ကွင်းလယ် ကစားသမား၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် မိုင်နို ရိုင်အိုလာက မန်ချက်စတာစီးတီးနှင့် ချယ်လ်ဆီးတို့သည် ပေါ့ဂ်ဘာကို အလေးအနက် ချိတ်ဆက်နေကြောင်း အတည်ပြုခဲ့သည်။ ပေါ့ဂ်ဘာ၏ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်၊ ပြင်သစ်ချန်ပီယံ PSGတို့သည်လည်း ၎င်းကို အပြိုင်အဆိုင် စိတ်ဝင်စားနေသည့်တိုင် ချယ်လ်ဆီးနှင့် မန်စီးတီးတို့က အလားအလာ အကောင်းဆုံးအဖြစ် ရပ်တည်နေသည်ဟု ယူဆရသည်။ ရိုင်အိုလာက အချိန်ပိုင်းလေး အတွင်းတွင်ပင် ပေါ့ဂ်ဘာကို ဂျူဗင်းတပ်စ်က မန်စီးတီးထံ ရောင်းချလိုက်နိုင်သော်လည်း (၉၉)ရာခိုင်နှုန်းမှာ ကစားသမား အနေဖြင့် တူရင်တွင် ဆက်ရှိရန် သေချာနေကြောင်း သုံးသပ်ခဲ့သည်။
ဂျူဗင်းတပ်စ်သည် ပေါ့ဂ်ဘာကို (၂၀၁၉)ထိ သက်တမ်းတိုး စာချုပ်ထားပြီး စာချုပ်တွင် ၎င်း၏ ဈေးနှုန်းကို ယူရိုသန်း(၁၀၀)ဟု ထည့်သွင်း သတ်မှတ်ထားသည်။ ရိုင်အိုလာက “ဂျူဗင်းတပ်စ်နဲ့ ကျွန်တော်တို့ သဘောတူညီမှု တစ်ခု ရှိပါတယ်။ ပေါ့ဂ်ဘာဟာ ထွက်သွားမှာ မဟုတ်ဘူး”ဟု ဆိုသည်။ ၎င်းက “အသင်းဥက္ကဋ္ဌ အန်ဒရီရာ အက်ဂ်နယ်လီ၊ အသင်း ဒါရိုက်တာတွေဖြစ်တဲ့ ပေဗယ်လ်နက်ဗက်ဒ်၊ ဘက်ပီမာရော့တာ၊ ဖေဘီယို ပါရာတီစီတို့နဲ့ ကျွန်တော် စကားပြောပြီးပါပြီ။ သူတို့ အားလုံးကလည်း အသင်းဟာ ပေါ့ဂ်ဘာကို ရောင်းပြီး ပိုက်ဆံရှာစရာ မလိုပါဘူး”ဟုလည်း ပြောကြားခဲ့သည်။
၎င်းက “ကလပ်အသင်း ခုနစ်ခုလောက်က သူ့ကို သေချာပေါက် လိုချင်နေတယ်။ ပေါ့ဂ်ဘာအတွက် ဈေးနှုန်းကို တတ်နိုင်မှာဆိုလို့ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ PSG၊ ဘိုင်ယန်မြူးနစ်၊ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီးနဲ့ ချယ်လ်ဆီးတို့လောက်ပဲ ရှိမယ်။ တကယ်လို့ ကျွန်တော့်ဘက်က အချက်ပေးလိုက်ရင် နောက်နေ့မှာ ပေါ့ဂ်ဘာဟာ PSG၊ ဒါမှမဟုတ် မန်စီးတီးကို ခဏလေးအတွင်း ရောက်သွားလိမ့်မယ်။ ဒါပေမဲ့ ပေါ့ဂ်ဘာ ကိုယ်တိုင်ကတော့ အသင်းသစ်ရှာဖို့ ကျွန်တော့်ကို တစ်ခွန်းမှ မပြောပါဘူး။ ဒီနေ့ထိ ပြောနိုင်တာက ပေါ့ဂ်ဘာဟာ ဂျူဗင်းတပ်စ်မှာ ဆက်ရှိဖို့ (၉၉)ရာခိုင်နှုန်း သေချာပါတယ်”ဟုလည်း ပြောဆိုသွားသည်။
Soccer Myanmar

No comments:
Post a Comment