Pages

Sunday, February 1, 2015

စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် မန်ချက်စတာစီးတီးနှင့် သရေကျခဲ့သည့် ချယ်ဆီး



ပရီးမီးယားလိဂ် ပွဲစဉ် (၂၃) ချယ်ဆီးနှင့် မန်ချက်စတာစီးတီး ပွဲစဉ်တွင် ၁-၁ ဂိုး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ချယ်ဆီးတွင် ကော်တွိုက်စ်၊ အိုင်ဗန်နိုဗစ်၊ ဇူးမား၊ တယ်ရီ၊ အက်ဇ်ပီလီကွိုင်တာ၊ ရာမီးရက်စ်၊ မာတစ်၊ ဝီလျံ၊ အော်စကာ၊ ဟာဇက်၊ ရီမီတို့ ပွဲထွက်ပါဝင်ခဲ့သည်။

မန်ချက်စတာစီးတီးတွင် ဟတ်၊ ဆက်ဂ်ညာ၊ ကွန်ပနီ၊ ဒီမစ်ချယ်လစ်၊ ကလစ်ချီ၊ နာဗက်စ်၊ ဖာနန်ဒို၊ ဖာနန်ဒင်ဟို၊ မီလ်နာ၊ ဆေးလ်ဗား၊ အဂူရိုတို့ ပါဝင်ကစားခဲ့သည်။

ပွဲချိန် ၃၂ မိနစ်တွင် အဂူရို ဂိုးကန်သွင်းခွင့် ရခဲ့သော်လည်း ၎င်း၏ ကန်ချက် ဂိုးဘေးကပ်ထွက်ခဲ့သည်။ ၄၁ မိနစ်တွင် ချယ်ဆီးက အဖွင့်ဂိုး ရရှိသွားပြီး ၎င်းဂိုးကို အိုင်ဗန်နိုဗစ်၏ ဖန်တီးပေးမှုမှတစ်ဆင့် ဟာဇက် ထိုးပေးလိုက်သည့် ဘောလုံးကို ရီမီက အသာအယာ ပိတ်သွင်းယူခဲ့သည်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် မန်စီးတီးက ချေပဂိုး ရရှိရန် ပိုမိုကြိုးစားလာခဲ့ပြီး ၄၅ မိနစ်တွင် ညာခြမ်းမှ နာဗက်စ် တင်ပေးလိုက်သည့် ဘောလုံးအား ဂိုးသမား ကော်တွိုက်စ် ပုတ်ထုတ်ရာမှ အဂူရို ရရှိသွားပြီး ကန်သွင်းသည့် ဘောလုံးကို ဆေးလ်ဗားက ထပ်ဆင့် ပိတ်သွင်းကာ သွင်းယူခဲ့ခြင်းမှ ဧည့်သည်အသင်းက ချေပဂိုး ရရှိခဲ့သည်။ ၅၆ မိနစ်တွင် နာဗက်စ် တင်ပေးလိုက်သည့် ဘောလုံးကို ဖာနန်ဒင်ဟို ခေါင်းတိုက်သွင်းသော်လည်း ကော်တွိုက်စ်က ပုတ်ထုတ်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ချယ်ဆီး၏ ကစားပုံကျသွားခဲ့သလို နှစ်သင်းစလုံးကလည်း ဂိုးသွင်းခွင့်များ မရခဲ့သောကြောင့် ပွဲအပြီးတွင် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ ယခုရလဒ်ကြောင့် ချယ်ဆီးအသင်းက အမှတ်ပေးဇယားထိပ်တွင် ၅ မှတ်အသာဖြင့် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။

Soccer Myanmar

No comments:

Post a Comment