Pages
▼
Sunday, February 1, 2015
ချယ်ဆီး ပရိသတ်များ၏ တစ်ခဲနက် ကြိုဆိုမှုအတွက် ကျေးဇူးတင်ကြောင်း လမ်းပတ် ပြောကြား
စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ၁-၁ ဂိုး သရေကျခဲ့သည့် ပွဲစဉ်၌ ချယ်ဆီးအသင်း ပရိသတ်များ၏ တစ်ခဲနက် ကြိုဆိုမှုအတွက် ဝမ်းမြောက်မိကြောင်း မန်ချက်စတာစီးတီး ကွင်းလယ်ကစားသမား ဖရန့်ခ်လမ်းပတ်က ထုတ်ဖော် ပြောကြားလိုက်သည်။
ချယ်ဆီးအသင်းတွင် ၁၃ နှစ်ကြာ ကစားခဲ့ပြီးနောက် စံချိန်တင်သွင်းဂိုး ၂၁၁ ဂိုး သွင်းယူခဲ့သည့် အသက် ၃၆ နှစ်အရွယ် လမ်းပတ်သည် အဆိုပါ ပွဲစဉ်တွင် ပွဲချိန် ၇၇ မိနစ်၌ လူစားဝင် ကစားသမားအဖြစ် ဝင်ရောက်ကစားခဲ့သည်။ ၎င်းသည် သြဂုတ်လက မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် အီတီဟတ်တွင် ချယ်ဆီးနှင့် သရေကျခဲ့သည့် ပွဲတွင်လည်း အသင်းအတွက် ချေပဂိုး သွင်းယူခဲ့သူ ဖြစ်သည်။
“ကျွန်တော် ဒီနေ့ပွဲအတွက် နည်းနည်း စိတ်လှုပ်ရှားခဲ့ပါတယ်။ အခုလို အသင်းနှစ်သင်းရဲ့ ပရိသတ်တွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတဲ့အတွက် ကျေနပ်နှစ်သက်မိပါတယ်။ မန်ချက်စတာစီးတီး ပရိသတ်တွေက ကျွန်တော့်အတွက်တော့ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ချယ်ဆီး ပရိသတ်တွေလည်းပဲ သူတို့အသင်းကို အားပေးသလို ကျွန်တော့်ကို တစ်ခဲနက် ကြိုဆိုပြီး ပြီးပြည့်စုံတဲ့ အဆင့်အတန်းကို ပြသခဲ့ပါတယ်။ အဲ့ဒီအခိုက်အတန့်အတွက် ကျွန်တော် ကျေနပ်မိပါတယ်။ ဒီလို အခြေအနေမျိုးကို ကျွန်တော် ပြီးခဲ့တဲ့နှစ်က မရခဲ့ပါဘူး။ အဲ့ဒီအတွက် အရမ်းကိုကျေးဇူးတင်ပါတယ်” ဟု လမ်းပတ်က ပြောကြားခဲ့သည်။
ဆက်လက်ပြီး မန်နျူရယ် ပယ်လီဂရီနီ၏ အသင်းသည် ဒုတိယပိုင်းတွင် ပွဲကို စိုးမိုးနိုင်ခဲ့သော်လည်း သရေရလဒ်သာ ရရှိခဲ့သည့် အတွက် အနည်းငယ် စိတ်ပျက်မိကြောင်း လမ်းပတ်က ဆိုခဲ့သည်။
“မျှမျှတတ တွေးမယ်ဆိုရင် ချယ်ဆီးက ဒီပွဲမတိုင်ခင်မှာ မိနစ် ၁၂၀ ကစားခဲ့ရတာပါ။ သူတို့အတွက်တော့ သရေရလဒ်က အသင့်တော်ဆုံးပါပဲ။ သရေဆိုရင် ၅ မှတ် ဆက်ဖြတ်ထားနိုင်မှာပဲလေ။ ကျွန်တော်တို့ကလည်း ဒီပွဲမှာ စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး တစ်မှတ်ပဲ ရခဲ့တာကတော့ စိတ်ပျက်စရာပါ” ဟု လမ်းပတ်က ပြောကြားသွားခဲ့သည်။
Soccer Myanmar
No comments:
Post a Comment