Pages

Friday, February 6, 2015

ဘာစီလိုနာမှ ထွက်ခွာဖွယ်ရှိကြောင်း ပက်ဒရို အရိပ်အမြွက်ဆို



ဘာစီလိုနာမှ ထွက်ခွာဖွယ်ရှိကြောင်း ပက်ဒရို အရိပ်အမြွက်ဆို

ရာသီကုန်တွင် အသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း ဘာစီလိုနာ တိုက်စစ် ကစားသမား ပက်ဒရိုက ဝန်ခံပြောကြားလိုက်သည်။


နူးကမ့်တွင် ၁၁ နှစ်နီးပါးအကြာ ကစားလျက်ရှိသည့် စပိန် လက်ရွေးစင် ကစားသမားသည် အသင်းနှင့်အတူ လိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်နှင့် အခြားသော ဆုဖလားများကို ရယူနိုင်ခဲ့သည်။


ယခုနှစ်ဘောလုံးရာသီတွင် လိဂ်ပွဲ ၂၀ ခန့်တွင် ၁၀ ပွဲသာ ပွဲထွက် ပါဝင်ကစားထားရသည့် အသက် ၂၇ နှစ်အရွယ် ကစားသမားက အသင်းနှင့် လက်ရှိစာချုပ်သည် ၂၀၁၆ ခုနှစ်တွင် ကုန်ဆုံးမည် ဖြစ်ကြောင်း၊ သို့သော်လည်း ပုံမှန်ပွဲထွက်ခွင့် မရရှိခြင်းက နွေရာသီတွင် အသင်းမှထွက်ခွာစေနိုင်သည့် အချက် ဖြစ်လာနိုင်ကြောင်း ဆိုခဲ့သည်။


“ကျွန်တော် ဘာစီလိုနာ ဆက်ရှိနေမလားဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ အခုအချိန်မှာ ကျွန်တော် အသင်းမှာ ပျော်ရွင်နေပါတယ်။ ဒါပေမဲ့ မနက်ဖြန်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာ မသိနိုင်ပါဘူး။ ရာသီကုန်အထိတော့ ကျွန်တော်က အသင်းမှာ ဆက်ရှိနေမှာပါ။ ကျွန်တော်ကတော့ အသင်းကို တတ်နိုင်သလောက် အကူအညီ ပေးသွားချင်တာပါ” ဟု ပက်ဒရိုက ပြောကြားခဲ့သည်။


ဆက်လက်ပြီး နွေရာသီက လီဗာပူးလ်မှ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဝေဖန်မှုများနှင့် ကြုံတွေ့နေရသည့် လူးဝစ်ဆွာရက်ဇ်ကို ပက်ဒရိုက ကာကွယ်မှုများ ပြုလုပ်ခဲ့သည် “ဆွာရက်ဇ်က တက်တက်ကြွကြွနဲ့ ကစားနေတာကို ခင်ဗျားတို့ တွေ့ရမှာပါ။ သူက ရရှိတဲ့ အခွင့်အရေးတွေကို အမိအရ ဖမ်းဆုပ်နိုင်ဖို့အတွက် ကံနည်းနည်းလိုနေတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဘာစီလိုနာအတွက် ဂိုးတွေ အများကြီး သွင်းယူနိုင်လိမ့်မယ်ဆိုတာကို ကျွန်တော် အသေအချာ ပြောရဲပါတယ်။ သူ့ရဲ့ ဂိုးဖန်တီးမှုတွေကလည်း အရမ်းကို အရေးပါပါတယ်” ဟု ပက်ဒရိုက ပြောကြားခဲ့သည်။

ထို့အပြင် ၂၀၁၄-၁၅ ဘောလုံးရာသီတွင် လာလီဂါ ၁၈ ပွဲ ကစားပြီး ၁၅ ဂိုး သွင်းယူထားသည့် နေမာနှင့် တွဲဖက်ကစားရခြင်းကို နှစ်သက်ကြောင်း ပက်ဒရိုက ပြောကြားသွားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment