Wednesday, March 4, 2015
ထုတ်ပယ်ခံရနိုင်ကြောင်း ခန့်မှန်းသတင်းများကို ပယ်လီဂရီနီ ပယ်ချ
ထုတ်ပယ်ခံရနိုင်ကြောင်း ခန့်မှန်းသတင်းများကို ပယ်လီဂရီနီ ပယ်ချ
မန်ချက်စတာ စီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက အသင်းမှ ထုတ်ပယ်ခံရနိုင်ကြောင်း ခန့်မှန်း ကောလာဟလများကို ငြင်းပယ်သွားခဲ့သည်။
လီဗာပူးလ်ကို အန်းဖီးလ်တွင် အရေးနိမ့်ခဲ့သည့်နောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းရန် အခြေအနေ ဆိုးလာသည့်အတွက် ချီလီသား မန်နေဂျာအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။ ထို့အပြင် မန်စီးတီး တာဝန်ရှိသူများက အခြေအနေကို စောင့်ကြည့်နေပြီး ပယ်လီဂရီနီကို ထုတ်ပယ်သွားဖွယ် ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။ လက်ဆက်စတာ စီးတီးနှင့် ပွဲစဉ်မတိုင်မီ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပယ်လီဂရီနီကမူ မိမိ၌ ဖိအား တစ်စုံတစ်ရာ မရှိဟု ဖြေရှင်းသွားခဲ့သည်။
“ကျွန်တော့်မှာ ဘာဖိအားမျိုးမှ ခံစားမနေရပါဘူး။ ကျွန်တော့် အနေနဲ့ နှစ်တိုင်း ဆုဖလား ဘယ်နှလုံးတော့ အရယူပြရပါမယ် ဆိုတာမျိုး ဖိအားပေးခံရတာ မရှိခဲ့ဘူး။ ကျွန်တော် ကိုယ်တိုင်လည်း အသင်းမှာ ဆက်နေချင်ပါတယ်။ ကျွန်တော့်အတွက် ဖိအားမရှိပါဘူး။ အထူးသဖြင့် မီဒီယာတွေရဲ့ ဖိအားကို ကျွန်တော် စိတ်မဝင်စားပါဘူး။ ကျွန်တော် အဓိက တွေးနေတဲ့ တစ်ခုတည်းသော အချက်က ကျွန်တော့် အသင်းဟာ လိုချင်တဲ့ ပုံစံအတိုင်း မကစားနိုင်သေးဘူး ဆိုတာပါပဲ”ဟု ပယ်လီဂရီနီက ပြောကြားသွားသည်။
ပယ်လီဂရီနီကို ရာထူး မခန့်အပ်မီက မန်စီးတီး အမှုဆောင်ချုပ် ဖာရန် ဆိုရီယာနိုက မိမိတို့သည် ငါးနှစ်အတွင်း ဖလားငါးလုံး ရရှိအောင် မျှော်မှန်းထားကြောင်း ကြေညာခဲ့သည်။ ပယ်လီဂရီနီသည် မန်စီးတီးနှင့် ပွဲဦးထွက် ရာသီတွင် ဖလားနှစ်လုံး ရရှိခဲ့ပြီး ဖြစ်သည်။ ၎င်းက မိမိသည် မန်စီးတီးနှင့် စာချုပ်စဉ်က နှစ်တိုင်း ဖလားယူပေးရမည်ဆိုသော တောင်းဆိုမှု မရှိခဲ့ဟု ဆိုသည်။ “ကျွန်တော် စာချုပ်ကတည်းက နှစ်တိုင်း ဖလားယူပေးနေရပါမယ် ဆိုတာမျိုး ဘယ်သူမှ မပြောပါဘူး။ ငါးနှစ်အတွင်း ဖလားငါးလုံး ရရမယ်လို့လည်း ဘယ်သူမှ မတောင်းဆိုခဲ့ဘူး။ ဆိုရီယာနိုဟာ သူလိုလားတာကို ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါက လုံးဝဥဿုံ သာမန် အခြေအနေ တစ်ရပ်ပါပဲ။ ဒါပေမဲ့ ကိုယ်က တစ်နှစ်တည်း ဖလားနှစ်လုံး ရဖူးရင် နောက်တစ်ကြိမ် ဒါမျိုး ဖြစ်နိုင်တာပဲလေ။ ဘောလုံးမှာ ဘာတွေ ဖြစ်ပျက် ပြောင်းလဲတတ်တယ် ဆိုတာကို ဘယ်တော့မှ ကြိုမတွေးနိုင်ပါဘူး။ ဒီရာသီကို ဆန်းစစ်သုံးသပ်ဖို့ ဆိုတာက ခက်ခဲတဲ့ အခြေအနေပါ။ ဆုဖလား ရရှိရေးက အရေးကြီးပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ ကဏ္ဍဆိုတာ ဒီတစ်ခုတည်း မဟုတ်ပါဘူး”ဟု ပယ်လီဂရီနီက မှတ်ချက်ပြုသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment