Pages

Subscribe:

Thursday, March 19, 2015

အာဆင်နယ်နှင့်ပွဲတွင် စိုးရိမ်စိတ် ဝင်လာခဲ့မိဟု မိုနာကို ကွင်းလယ်လူ ကွန်ဒေါ့ဘီအာ ဝန်ခံ



အာဆင်နယ်နှင့်ပွဲတွင် စိုးရိမ်စိတ် ဝင်လာခဲ့မိဟု မိုနာကို ကွင်းလယ်လူ ကွန်ဒေါ့ဘီအာ ဝန်ခံ

အာဆင်နယ်နှင့် ပွဲစဉ်တွင် မိုနာကို အနေဖြင့် ရလဒ် အဆိုးဆုံး ကြုံတွေ့ပြီး ချန်ပီယံလိဂ်မှ ထွက်ခွာသွားရမည်ကို တွေးပူခဲ့မိကြောင်း ကွင်းလယ် ကစားသမား ဂေါ်ဖရီ ကွန်ဒေါ့ဘီအာက ဝန်ခံပြောကြားခဲ့သည်။

ပြင်သစ်ကလပ်သည် အိမ်ကွင်းတွင် (၂-၀)ဖြင့် အရေးနိမ့်ခဲ့သော်လည်း ပထမအကျော့က အမ်းမရိတ်စ်တွင် (၃-၁)ဖြင့် အနိုင်ရရှိထားခြင်းကြောင့် အဝေးဂိုး စည်းမျဉ်းဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားသည်။ အာဆင်နယ်သည် ပြင်သစ်မြေတွင် မိုနာကိုအပေါ် သိသိသာသာ ဖိအားပေး ကစားခဲ့သလို နောက်တစ်ဆင့် တက်ရောက်ရန် အခွင့်အရေး ဖြစ်လာမည့် တတိယဂိုး ရရှိရန် အားထုတ်ခဲ့သော်လည်း အိုလီဗီရာဂီရော့ဒ်၊ အာရွန်ရမ်ဆေးတို့၏ ဂိုးများနောက်ပိုင်း ဂိုးထပ်မရဘဲ ပြိုင်ပွဲမှ ထွက်ခွာခဲ့သည်။

ပြင်သစ်လူငယ် ကစားသမား ကွန်ဒေါ့ဘီအာက “ပထမဂိုး ပေးလိုက်ရကတည်းက ကျွန်တော်တို့ အနေအထားက ခက်ခဲသွားတယ်။ အဲဒီနောက်မှာ ကျွန်တော်တို့ဖာသာ ကြောက်စိတ် ဝင်လာမိပါတယ်။ အဆုံးမှာတော့ ကျွန်တော်တို့ လိုအပ်တဲ့ အခြေအနေအတိုင်း ဖြတ်သန်းနိုင်ခဲ့တယ်။ ဒီအတွက် အသင်းရဲ့ ကျစ်လစ်စုစည်းမှုကို ကျေးဇူးတင်ရမှာပါ။ ဒီအဆင့်မှာ ကျွန်တော်တို့ အောင်မြင်ပြီး နောက်တစ်ဆင့် တက်နိုင်မယ်လို့ ဘယ်သူကမှ ထင်မထားပါဘူး။ ကျွန်တော်တို့ကလည်း ရေပန်းစားတဲ့ အသင်းမဟုတ်မှန်း နားလည်ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်တာ မဟုတ်မှန်းတော့ သေချာသိခဲ့တယ်”ဟု ပြောကြားသွားသည်။

အခြားကွင်းလယ်လူ တစ်ဦးဖြစ်သည့် နာဘီလ် ဒီရားကလည်း မိုနာကိုသည် စွမ်းဆောင်ရည်ပိုင်းအရ အကျည်းတန်ခဲ့သော်လည်း ရလဒ်ပိုင်း ကောင်းမွန်ခဲ့၍ ကျေနပ်မိကြောင်း ဝန်ခံခဲ့သည်။ “ကျွန်တော်တို့ ဝေဖန်ခံရတာ အများကြီးပါ။ ကျွန်တော်တို့ ကစားပုံဟာ အကျည်းတန်တာမျိုး ဖြစ်ကောင်း ဖြစ်နေမယ်။ ဒါပေမဲ့ အသင်းရဲ့ စုစည်းမှုကိုတော့ လူတွေက သတိမထားမိကြဘူး”ဟု ၎င်းက မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment