Pages

Subscribe:

Monday, March 16, 2015

အိမ်ကွင်းတွင် တော့တင်ဟမ်ကို သက်သောင့်သက်သာ အနိုင်ယူခဲ့သည့် မန်ချက်စတာယူနိုက်တက်



အိမ်ကွင်းတွင် တော့တင်ဟမ်ကို သက်သောင့်သက်သာ အနိုင်ယူခဲ့သည့် မန်ချက်စတာယူနိုက်တက်

ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) တနင်္ဂနွေနေ့ည နောက်ဆုံးပွဲဖြစ်သည့် မန်ချက်စတာယူနိုက်တက်နှင့် တော့တင်ဟမ်ဟော့စပါး ပွဲတွင် အိမ်ရှင် ယူနိုက်တက်က ၃-၀ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

မန်ချက်စတာယူနိုက်တက်တွင် ဒီဂီယာ၊ ဗလင်စီယာ၊ ဂျုံးစ်၊ စမောလင်း၊ ဘလင်း၊ ကာရစ်၊ မာတာ၊ ဟာရဲရား၊ ဖယ်လိုင်နီ၊ ယန်း၊ ရွန်နီတို့ ပွဲထွက်ပါဝင်ခဲ့သည်။

တော့တင်ဟမ်တွင် လောရစ်၊ ရို့စ်၊ ဒိုင်ယာ၊ ဗာတွန်ဂန်၊ ဝေါ့ကား၊ ချတ်ဒလီ၊ မေဆန်၊ ဘန်တာလပ်၊ တောင်းဆန်း၊ အဲရစ်ဆင်၊ ကိန်းတို့ ပါဝင်ကစားခဲ့သည်။

မန်ချက်စတာယူနိုက်တက်သည် အိုးထရတ်ဖို့ဒ်တွင် တော့တင်ဟမ်ကို သက်သောင့်သက်သာ ကစားခဲ့ပြီး ပထမပိုင်း သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။ ၉ မိနစ်တွင် ယူနိုက်တက်က အဖွင့်ဂိုး ရရှိခဲ့ပြီး ၎င်းဂိုးကို ကာရစ်၏ ဖန်တီးပေးမှုမှတစ်ဆင့် ဖယ်လိုင်နီက ဘယ်ခြေဖြင့် အနိမ့်ဘော ကန်သွင်းကာရယူခဲ့သည်။ ၁၉ မိနစ်တွင် ယူနိုက်တက်က ဒုတိယဂိုး ရရှိခဲ့ပြီး အဆိုပါဂိုးကို ကာရစ်က ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့သည်။ ယူနိုက်တက်အတွက် တတိယဂိုးကို ၃၄ မိနစ်တွင် တော့တင်ဟမ် ကစားသမား ဘန်တာလပ်၏ လူပေးမှားမှုမှတစ်ဆင့် ဝိန်းရွန်နီက ဧည့်သည်အသင်း နောက်ခံကစားသမားများကို ကျော်ဖြတ်ကာ သွင်းယူခဲ့သည်။ ဂိုးသွင်းယူပြီးနောက် ရွန်နီသည် လက်ဝှေ့ထိုးဟန်ဖြင့် အောင်ပွဲခံခဲ့သည်။ ယူနိုက်တက်သည် အက်ဖ်အေဖလားတွင် အာဆင်နယ်ကို အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်တိုင် တော့တင်ဟမ်ကို အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယား ဒုတိယနေရာမှ မန်စီးတီးနှင့် ၂ မှတ်အကွာ၊ ဇယားထိပ်မှ ချယ်ဆီးနှင့် ၈ မှတ်အကွာ အဆင့် ၄ နေရာတွင် ဆက်လက် ရပ်တည်နိုင်ခဲ့သည်။ တော့တင်ဟမ်ကမူ ယခုရှုံးပွဲကြောင့် ချယ်ဆီးနှင့် တစ်ဂိုးစီ သရေကျခဲ့သည့် ဆောက်သမ်တန်နှင့် ရမှတ်တူ ဂိုးကွာခြားချက်အကွာဖြင့် အဆင့် ၇ သို့ ရောက်ရှိသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment