Monday, March 16, 2015
ဆောက်သမ်တန်ကို သရေကျခဲ့ခြင်းသည် အပေါင်းလက္ခဏာဆန်သည့် ရလဒ်ဟု မော်ရင်ဟို ပြောကြား
ဆောက်သမ်တန်ကို သရေကျခဲ့ခြင်းသည် အပေါင်းလက္ခဏာဆန်သည့် ရလဒ်ဟု မော်ရင်ဟို ပြောကြား
ဆောက်သမ်တန်ကို အိမ်ကွင်းတွင် သရေသာ ကစားနိုင်ခဲ့သည့်တိုင် အဆိုပါ ရလဒ်သည် ချယ်လ်ဆီးအတွက် အပေါင်း လက္ခဏာ ဆန်သော အခြေအနေမျိုးဟု မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက သုံးသပ် ပြောဆိုခဲ့သည်။
ချယ်လ်ဆီးသည် ပွဲချိန်(၁၁)မိနစ်တွင် ဒီယေဂို ကော်စတာ၏ ခေါင်းတိုက်သွင်းဂိုးဖြင့် ဦးဆောင်ခဲ့ရာ အမှတ်ပေးဇယားထိပ်တွင် (၈)မှတ်ဖြတ် ဦးဆောင်နိုင်ရန် နီးနီးစပ်စပ် ဖြစ်ခဲ့သည်။ သို့သော်လည်း နီမန်ယာ မာတစ်၏ ကြမ်းတမ်းသော ကစားပုံမှတစ်ဆင့် ပင်နယ်တီ ပေးရပြီး ဒူဆန်တာဒစ်က ချေပဂိုး သွင်းယူကာ ဆောက်သမ်တန်က စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် တစ်မှတ် ခွဲယူသွားခဲ့သည်။ ထို့အပြင် ဆောက်သမ်တန် ဂိုးသမား ဖရေဆာ ဖော်စတာ၏ လက်စွမ်းပြမှုများကလည်း မော်ရင်ဟို၏ အသင်းကို အခက်ကြုံစေခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ချယ်လ်ဆီး၏ အဓိက ဖလားလုဘက် မန်ချက်စတာစီးတီးသည် ဘန်လေကို (၁-၀)ဖြင့် အရေးနိမ့်ခဲ့ရာ ယခုပွဲ (၁)မှတ် ရလိုက်သည်ကို ကျေနပ်ကြောင်း ပေါ်တူဂီသား မန်နေဂျာက ဆိုသည်။ “ဒါက အပေါင်းလက္ခဏာဆန်တဲ့ ရလဒ်မျိုးပါ။ အနုတ်ဘက်ကို ဦးတည်သွားတာ မဟုတ်ဘူး။ ဒါဟာ အကောင်းဆုံး မဟုတ်သည့်တိုင် ရလဒ်အနေနဲ့ အပေါင်းလက္ခဏာ ဆန်ပါတယ်။ ပင်နယ်တီ ပေးလိုက်ရပြီး သရေဖြစ်မသွားခင်ထိ အသင်းဟာ ကွင်းထဲမှာ တည်တည်ငြိမ်ငြိမ် ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ချယ်လ်ဆီးဟာ အံ့ဩလောက်စရာ ကောင်းအောင် လုပ်ပြခဲ့တယ်လို့ မပြောချင်ပါဘူး။ ဒါပေမဲ့ ပွဲကိုတော့ ထိန်းချုပ်နိုင်ခဲ့ပါတယ်”ဟု မော်ရင်ဟိုက မှတ်ချက်ပြုခဲ့သည်။
၎င်းက “ပင်နယ်တီ ပေးလိုက်ရပြီးတဲ့ အချိန်ရယ်၊ ပထမပိုင်း ပြီးခါနီးထိရယ်မှာတော့ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်စွမ်း လျော့သွားတယ်။ အသင်းက ယုံကြည်မှု နည်းနည်း ပျောက်သွားတယ်လေ။ ဆောက်သမ်တန်ရဲ့ တန်ပြန်တိုက်စစ်တွေကို ကျွန်တော်တို့ သိပ်မထိန်းနိုင်ခဲ့ဘူး။ သူတို့ရဲ့ ထိုးဖောက်မှုတွေက အရမ်းကို အန္တရာယ် ကြီးခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ရာမီရက်စ်က ကစားပုံ လုံးဝ ပြောင်းသွားတယ်။ တစ်ဖက် တန်ပြန်တိုက်စစ်ကို လုံးဝဥဿုံ ရပ်တန့်သွားအောင် သူက ဟန့်တားနိုင်ခဲ့တယ်။ ဆောက်သမ်တန် တိုက်စစ်မှူး ဆာဒီယို မာနီဆို လုံးဝ ပျောက်သွားတယ်။ အဲဒီနောက် ကျွန်တော်တို့ဟာ တစ်ဖက်က ဘောလုံးကို အကြိမ်ပေါင်းများစွာ အရယူနိုင်ခဲ့ပြီး ပွဲကို အနိုင်ရလောက်တဲ့ အခြေအနေမျိုးထိ ဖန်တီးမှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment