Pages

Subscribe:

Monday, March 30, 2015

ယူနိုက်တက်တွင် အနာဂတ် ဆက်လက် မြှုပ်နှံသွားလိုကြောင်း စမောလင်း ဖွင့်ဟ



ယူနိုက်တက်တွင် အနာဂတ် ဆက်လက် မြှုပ်နှံသွားလိုကြောင်း စမောလင်း ဖွင့်ဟ

မိမိသည် မန်ချက်စတာ ယူနိုက်တက်တွင် ပျော်ပျော်ရွှင်ရွှင် ဆက်ကစားပြီး အနာဂတ်ကို မြှုပ်နှံသွားမည်ဟု နောက်ခံလူ ခရစ်စမောလင်းက ပြောကြားလိုက်သည်။

အသက်(၂၅)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူ၏ စာချုပ်သည် လာမည့် ဘောလုံးရာသီ ပြီးဆုံးချိန်တွင် သက်တမ်းကုန်မည် ဖြစ်သည်။ လတ်တလောတွင် ယူနိုက်တက်သည် စမောလင်းကို စာချုပ်သစ် ကမ်းလှမ်းမှု မရှိသေးဟု သတင်းများ ထွက်ပေါ်နေသည်။ ထိုအခြေအနေတွင် အာဆင်နယ်က စမောလင်းအား စိတ်ဝင်စားနေကြောင်း ကောလာဟလများလည်း ရှိနေရာ ကစားသမား၏ အနာဂတ်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ စမောလင်းသည် ရာသီ အစပိုင်းက ခြေစွမ်းပိုင်း အားနည်းမှုများ ရှိခဲ့သော်လည်း မကြာသေးမီက အဓိကပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးနှင့် လီဗာပူးလ်တို့ကို ဆက်တိုက် အနိုင်ရသော ပွဲစဉ်များတွင်မူ ၎င်း၏ ပုံစံကောင်းကို ပြသနိုင်ခဲ့သည်။

စာချုပ်ကိစ္စနှင့် ပတ်သက်ပြီး သတင်းထောက်များက မေးမြန်းရာတွင် စမောလင်းက “အခုလောလောဆယ် ကျွန်တော် အဲဒီကိစ္စကို မဆွေးနွေးသေးပါဘူး။ မန်နေဂျာက ကျွန်တော့်အပေါ် ယုံကြည်မှု ပြသခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ကစားနေရရင် ပျော်နေတာပါပဲ။ အခုလောလောဆယ် အသင်းဟာ ရာသီကုန်ထိ (၈)ပွဲ ကစားဖို့ ရှိနေပါသေးတယ်။ ဒီအခြေအနေမှာ အတတ်နိုင်ဆုံး အဆင့်မြင့်မြင့် ရပ်တည်နိုင်ဖို့ အတွက်ပဲ တွေးရမှာပါ”ဟု ဖြေကြားခဲ့သည်။ သတင်းထောက်များက အိုးလ်ထရက်ဖို့ဒ်တွင် ဆက်လက် ကစားသွားရန် လိုလားမှု ရှိမရှိ မှတ်ချက်ပေးရန် တောင်းဆိုသည့်အခါ ၎င်းက “ဟုတ်ကဲ့။ ကျွန်တော် ဆက်ကစားချင်ပါတယ်။ ပျော်လည်း ပျော်တယ်။ ယူနိုက်တက်မှာ ကစားရတာကို အမြဲတမ်း ကျွန်တော် နှစ်သက်နေခဲ့တာပါ။ အသင်းက လိုလားမယ်ဆိုရင် ကျွန်တော် ဖြစ်နိုင်သမျှ အချိန်ကြာကြာ ဆက်နေချင်ပါတယ်”ဟု ဖွင့်ဟသွားသည်။

Soccer Myanmar

0 comments:

Post a Comment