Thursday, March 12, 2015
ချယ်လ်ဆီးဘက် ဂိုးသွင်းပြီး အောင်ပွဲခံမိခြင်းအတွက် လုဇ်ပြန်တောင်းပန်
ချယ်လ်ဆီးဘက် ဂိုးသွင်းပြီး အောင်ပွဲခံမိခြင်းအတွက် လုဇ်ပြန်တောင်းပန်
ချယ်လ်ဆီးဘက်သို့ ဂိုးသွင်းပြီး အောင်ပွဲခံမိခဲ့ခြင်းနှင့် ပတ်သက်ပြီး PSG နောက်ခံလူ ဒေးဗစ်လုဇ်က အသင်းဟောင်းကို ပြန်လည် တောင်းပန်ခဲ့သည်။
စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ကစားသည့် ချန်ပီယံလိဂ် ပွဲစဉ်၌ ချယ်လ်ဆီးသည် အချိန်ပိုတွင် PSGနှင့် (၂)ဂိုးစီ သရေကျပြီးနောက် အဝေးဂိုး စည်းမျဉ်းအရ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ ပြင်သစ်ချန်ပီယံ ကလပ်အသင်းသည် အဝေးကွင်းတွင် ဇလာတန် အီဘရာဟီမိုဗစ် ထုတ်ပယ်ခံရပြီး မိနစ်(၉၀)မျှ (၁၀)ယောက်ကျန် အနေအထားဖြင့် ကစားခဲ့ရသည်။ သာမန် မိနစ်(၉၀) ပွဲကစားချိန်ပြည့်ရန် (၉)မိနစ် အလိုတွင် ချယ်လ်ဆီး နောက်ခံလူ ဂယ်ရီကာဟေးလ်က အဖွင့်ဂိုး သွင်းသော်လည်း ဘရာဇီးလ် လက်ရွေးစင် လုဇ်က ချေပဂိုး ပြန်သွင်းနိုင်သဖြင့် အချိန်ပို ကစားခဲ့ရသည်။ အချိန်ပိုတွင် အီဒင်ဟာဇက်က ပင်နယ်တီဖြင့် ဦးဆောင်ဂိုး ထပ်သွင်းသော်လည်း သီယာဂို ဆေးလ်ဗား၏ ချေပဂိုးကြောင့် (၂)ဂိုးစီ သရေကျပြီး အဝေးဂိုး စည်းမျဉ်းဖြင့် PSGက နောက်တစ်ဆင့် တက်ခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်သင်းသည် ပြင်သစ်မြေတွင် (၁)ဂိုးစီ သရေကျထားသည်။
လုဇ်က “ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့တယ် ထင်ပါတယ်။ အီဘရာဟီမိုဗစ်လို ကျွန်တော်တို့ရဲ့ ကစားသမား အထုတ်ခံလိုက်ရချိန်မှာ ကိစ္စတိုင်းကို ရိုးရိုးလေးပဲ စဉ်းစားရတော့တယ်။ ဘောလုံးကို တတ်နိုင်သမျှ အဆုံးမခံဘဲ ကစားရင်း၊ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်ရင်း နောက်တစ်ဆင့်တက်ဖို့ ဂိုးရအောင် သွင်းရမယ် ဆိုတာပါ။ ဒီပွဲမှာ အသင်းရဲ့ စိတ်ဓာတ်ပိုင်းကတော့ အံ့ဩစရာပါပဲ။ အသင်းသားတိုင်းက အရာရာ ပုံအောပြီး ကစားခဲ့ကြတယ်”ဟု ဆိုသည်။ ၎င်းက ပွဲမကစားမီတွင် ချယ်လ်ဆီးဘက် ဂိုးသွင်းဖြစ်ပါက အောင်ပွဲမခံဟု ပြောကြားထားသော်လည်း စိတ်လှုပ်ရှားလွန်း၍ အောင်ပွဲခံမိခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။
“ကျွန်တော် ဂိုးသွင်းနိုင်ခဲ့တာတော့ ကျေနပ်စရာပါ။ ဒီပွဲ မကစားခင်တုန်းက ချယ်လ်ဆီးဘက်ကို ကျွန်တော်သာ ဂိုးသွင်းဖြစ်ခဲ့ရင် အောင်ပွဲမခံဘူးလို့ ပြောထားခဲ့မိပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကြုံလာတော့ အရမ်းစိတ်လှုပ်ရှားသွားပြီး အဲဒီအခြေအနေကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒီအတွက် စိတ်မကောင်းပါဘူး။ ကျွန်တော် အောင်ပွဲခံမိတာကို တောင်းပန်ချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အသင်း နောက်တစ်ဆင့် တက်နိုင်ခဲ့တဲ့ အတွက်တော့ အရမ်းပျော်ပါတယ်”ဟု လုဇ်က ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment