Pages

Monday, March 16, 2015

အယ်လ်ကလက်စီကို ဒါဘီတွင် အနိုင်မှလွဲ၍ မည်သည့်ရလဒ်ကိုမျှ မကျေနပ်နိုင်ဟု ကာဗာရဲလ် ပြောကြား



အယ်လ်ကလက်စီကို ဒါဘီတွင် အနိုင်မှလွဲ၍ မည်သည့်ရလဒ်ကိုမျှ မကျေနပ်နိုင်ဟု ကာဗာရဲလ် ပြောကြား

အယ်လ်ကလက်စီကို ဒါဘီပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ် အနေဖြင့် အနိုင်မှလွဲပြီး မည်သည့်ရလဒ်ကိုမျှ ကျေနပ်မည် မဟုတ်ကြောင်း နောက်ခံလူ ဒန်နီကာဗာရဲလ်က ပြောကြားလိုက်သည်။

စပိန်၏ အစဉ်အလာ အကြီးဆုံး ပြိုင်ဘက်ကြီးများဖြစ်သည့် ဘာစီလိုနာနှင့် ရီးယဲလ်တို့သည် ယခုလာမည့် တနင်္ဂနွေနေ့တွင် နူးကမ့်၌ တွေ့ဆုံမည် ဖြစ်သည်။ ရီးယဲလ်သည် အဆိုပါ ပွဲစဉ်ကို အနိုင်ရရှိခဲ့ပါက ဘာစီလိုနာကို ကျော်တက်ကာ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။ စပိန် ညာတောင်ပံ ခံစစ်သမား ကာဗာရဲလ်က ဘာစီလိုနာကို သရေကျလျှင်ပင် ကျေနပ်နိုင်မည် မဟုတ်ဟု ဆိုသည်။ ရီးယဲလ်သည် (၃)ပွဲဆက် နိုင်ပွဲပျောက်နေရာမှ လီဗန်တေးကို (၂-၀)ဖြင့် တစ်ကျော့ပြန် အနိုင်ရရှိထားခဲ့သည်။

ကာဗာရဲလ်က “လီဗန်တေးနဲ့ပွဲက ကျွန်တော်တို့အတွက် သိပ်အရေးကြီးမှန်း သဘောပေါက်ပါတယ်။ အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာ (၃)မှတ် အရယူခဲ့တဲ့နောက် ရှေ့လာမယ့် ပွဲစဉ်အတွက် အများကြီး အားရှိသွားပါတယ်။ ကျွန်တော်တို့ Clean Sheetရခဲ့တယ်။ အခုတော့ အဓိက ရည်မှန်းချက်က ဘာစီလိုနာကို အနိုင်ယူရေး ဖြစ်လာပါပြီ”ဟု ပြောကြားခဲ့သည်။ ၎င်းက “နူးကမ့်ကို သွားချိန်မှာ ကျွန်တော်တို့ စိတ်ထဲမှာ ဘာဒွိဟ၊ ဘာသံသယမှ ရှိနေမှာ မဟုတ်ဘူး။ အသင်းနဲ့ ကစားကွက်က အရင်အတိုင်းပဲ။ အခုဆို ကျွန်တော်တို့က ပိုပြီးတောင် စုစည်းမိသွားပါပြီ။ စိတ်ပိုင်းဆိုင်ရာ အရလည်း အကောင်းဆုံးတွေ ကြုံလာမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အသင့်ပြင်ထားတယ်။ တစ်သင်းလုံး (၁၀၀)ရာခိုင်နှုန်းအပြည့် ပေးဆပ် ကြိုးစားရင် ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တာ သေချာပါတယ်”ဟုလည်း ဆိုသည်။

ကာဗာရဲလ်က “အယ်လ်ကလက်စီကိုမှာ ပိုပြီး ရေပန်းစားတဲ့ အသင်းဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ဟာ သရေအတွက် ပိတ်ကစားမှာ မဟုတ်ဘူး။ အဲဒီမှာ အနိုင်ရလဒ် ဆောင်ယူဖို့ သွားကစားမှာပါ။ ဒီလထဲမှာ ကျွန်တော်တို့ အကောင်းဆုံး မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ သွားရမယ့် ခရီးက အရှည်ကြီး ကျန်ပါသေးတယ်။ ဒါတောင် ကျွန်တော်တို့ရဲ့ လက်ရှိ အနေအထားကို အသင်းတိုင်းလိုလိုက ကျေကျေနပ်နပ် လက်ခံနေကြမှာပါ။ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ် ရောက်ပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး တက်တက်ကြွကြွ ရှိနေဆဲ ဖြစ်ပါတယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

No comments:

Post a Comment