မန်စီးတီးရဲ့အန်ဖီးလ်
ကျဆုံးခန်း
Written
by Mizzima News
လီဗာပူးလ်
၂-၁ မန်စီးတီး
ဟန်ဒါဆင်
၁၁ မိနစ် ဒီဇီကို ၂၅
ကော်တင်ဟို
၇၅ မိနစ်
အမှတ်ပေးဇယားထိပ်ဆုံးက
ချယ်လ်ဆီးနဲ့ ငါးမှတ်ကွာဟနေတဲ့ မန်စီးတီးတို့ဟာ အန်ဖီးလ်မှာ လီဗာပူးလ်ကို အနိုင်ကစားဖို့
လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ပေမယ့် လီဗာပူးလ် လူငယ်ကစားသမားတွေရဲ့စုပေါင်းအားကို မကျော်လွှားနိုင်ပဲ
ရှုံးပွဲနဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။ မန်စီးတီးတို့ဟာ
ဒီပွဲမှာ
ရှုံးနိမ့်လိုက်တာကြောင့် ချယ်လ်ဆီးကို လိုက်မီဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်ရှိသွားပြီ
ဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးလ် လူငယ်ကစားသမားတွေဖြစ်တဲ့ ကော်တင်ဟိုနဲ့ စတာလင်တို့ဟာ
အတွဲအဖက်မိမိနဲ့ မန်စီးတီးနောက်တန်းကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။
အထူးသဖြင့်
ကော်တင်ဟိုဟာ ကိုယ်တိုင် ဂိုးသွင်းယူနိုင်သလို တစ်ပွဲလုံးလည်း ခြေစွမ်းပြကစားသွားခဲ့ပါတယ်။
အိမ်ရှင် လီဗာပူးလ်အသင်းဟာ စတာလင်၊ ကော်တင်ဟိုနဲ့ လယ်လာနာတို့ကို တိုက်စစ်မှာ ထားပြီး
ကွင်းလယ်မှာ ဟန်ဒါဆင်၊ မိုရီနို၊ မာကိုဗစ်နဲ့ ဂျိုးအလန်တို့ကို အသုံးပြုခဲ့ကာ ခံစစ်မှာတော့
လိုဗရန်၊ စကာတယ်နဲ့ အမ်မရီကန်တို့ကို ကစားစေခဲ့ပါတယ်။
ဧည့်သည် မန်စီးတီးတို့ကတော့ တိုက်စစ်မှာ အဂူရိုနဲ့ ဒီဇီကို၊ ကွင်းလယ်မှာ ဆေးလ်ဗား၊
နာဆရီ၊ ယာယာတိုရေး၊ ဖာနန်ဒင်ဟို၊ ခံစစ်မှာ ကိုလာရော့ဗ်၊
မန်ဂါလာ၊
ကွန်ပနီနဲ့ ဇာဘလက်တာတို့ကို အသုံးပြုခဲ့ပါတယ်။ ပွဲစကတည်းက အိမ်ရှင် လီဗာပူးလ်အသင်းဟာ
လူငယ်တွေရဲ့အားနဲ့ လျင်လျင်မြန်မြန် ထိုးဖောက်ကစားတာကြောင့် ပွဲက အကြိတ်အနယ်နဲ့ကြည့်ကောင်းခဲ့ပါတယ်။
ပွဲချိန် ၇မိနစ်မှာ လယ်လာနာ ဧရိယာထိပ်က ကန်ခွင့်ရခဲ့ပေမယ့် ကန်ချက်ပျော့သွားလို့ ဂိုးသမားဂျိုးဟတ်
ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၁၀ မိနစ်မှာပဲ လီဗာပူးလ်တို့ အဖွင့်ဂိုးစတင်ရရှိခဲ့ပါတယ်။
စတာလင်ပေးတာကနေ
ဟန်ဒါဆင်က ဧရိယာထိပ်ကနေ လှလှပပ ကန်သွင်းယူသွားတာ ဖြစ်ပါတယ်။ ဂိုးပေးလိုက်ရတာကြောင့်
မန်စီးတီးတို့
ချေပဂိုးရဖို့ ကြိုးစားကစားလာပါတယ်။ ၁၂ မိနစ်မှာ ဆေးလ်ဗားကွင်းလယ်က မပေးလိုက်တာကို
အဂူရိုက ပြေးထွက်သွားပြီး ဂိုးသမားရဲ့
ဘယ်ဘက်ထောင့်ထဲ
ကန်သွင်းရာမှာ တိုင်ထိထွက်သွားလို့ မန်စီးတီးတို့ နစ်နာခဲ့ရပါတယ်။ အဲ့ဒီနောက် ပွဲက
ဆက်လက်အကြိတ်အနယ်ဖြစ်ခဲ့ပြီး ပွဲချိန်
၂၅ မိနစ်အရောက်မှာ
မန်စီးတီးတို့ ချေပဂိုးပြန်ရခဲ့ပါတယ်။ အဂူရိုက ဧရိယာစည်းထိပ် ညာတောင်ပံကနေဆွဲဝင်လာပြီး
လီဗာပူးလ် ခံစစ်ကစားသမားတွေကြားက ခင်းပေးလိုက်တာကို ဒီဇီကိုက ကန်သွင်းယူသွားတာ ဖြစ်ပါတယ်။
သရေဖြစ်သွားပြီးနောက်မှာတော့
ကွင်းလယ်မှာသာ ဘောလုံးအပျက်များနေပြီး မန်စီးတီးအသင်းက အနည်းငယ် ပိုမိုဖိကစားနိုင်ခဲ့ပါတယ်။
နှစ်သင်းစလုံးဟာ အတင်းဝင်၊ အတင်းထွက် ကစားတာကြောင့် ပွဲက အနည်းငယ်ကြမ်းခဲ့ပါတယ်။ ဒုတိယပိုင်းပြန်အစ
၄၆ မိနစ်မှာတော့ ဇာဘလက်တာရဲ့ ဖြတ်တင်ပေးမှုကနေ အဂူရို ခေါင်းတိုက်ချက်ကောင်းပေမယ့် ဂိုးဘားပေါ်
ကပ်ကျော်သွားလို့ လီဗာပူးလ်တို့ ကံကောင်းခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ နှစ်သင်းစလုံးကစားပုံက
ထိန်းနေလို့ မိနစ်၇၀ လောက်အထိပွဲက အေးနေခဲ့ပါတယ်။
၇၅ မိနစ်အရောက်မှာတော့ မထင်မှတ်ဘဲ လီဗာပူးလ်တို့ ဒုတိယဂိုးရသွားခဲ့ပါတယ်။ မန်စီးတီးနောက်တန်းကို
တစ်ချိန်လုံးဒုက္ခပေးနေတဲ့ ကော်တင်ဟိုက ဟန်ဒါဆင်သွင်းယူခဲ့ပုံစံအတိုင်း
ဧရိယာထိပ်ကနေ
မန်စီးတီးဂိုးသမားဂျိုးဟတ်ရဲ့ဘယ်ဘက်အပေါ်ထောင့်ထဲ ကန်သွင်းယူသွားတာ ဖြစ်ပါတယ်။
၂-၁ ဂိုးဖြစ်သွားတဲ့နောက်မှာတော့
လီဗာပူးလ်အသင်းက မာကိုဗစ်အစား စတူးရစ်ခ်ျ၊ မိုရီနိုအစား ကိုလိုတိုရေးတို့ကို ထည့်သွင်းကစားခဲ့သလို
မန်စီးတီးကလည်း
ဖာနန်ဒင်ဟိုနဲ့ နာဆရီတို့အစား ဘိုနီနဲ့ လမ်းပတ်တို့ကို ထည့်သွင်းပြီး ကစားခဲ့ပါတယ်။
မန်စီးတီးတို့ ချေပဂိုးပြန်ရဖို့ ဖိကစားပေမယ့် လီဗာပူးလ်အသင်းက လုံးဝအမှားမခံတော့ပဲ
ခံစစ်ကို အသေအချာကစားခဲ့လို့ အခွင့်အရေးလောက်လောက်လားလား မရခဲ့ပါဘူး။ ယာယာတိုရေးရဲ့
တိုးအားနဲ့ ဆေးလ်ဗားတစ်ကြိမ်ကန်ခွင့်ရခဲ့သေးပေမယ့် ဂိုးတိုင်ဘေး တော်တော်ဝေးဝေးကို
ထွက်သွားခဲ့ပါတယ်။ ၈၆ မိနစ်မှာ ယာယာတိုရေးရဲ့အမှားကနေ စတူးရစ်ခ်ျ ဂိုးသမားနဲ့ တစ်ယောက်ချင်းအပိုင်ကန်ခွင့်ရခဲ့ရမှာ
ဂိုးဘေးထွက်သွားလို့ မန်စီးတီးတို့ ဒီထက်ဂိုးပြတ်မရှုံးခဲ့ရတာပါ။ နာကျင်အချိန်ပို
သုံးမိနစ်မှာလည်း
လီဗာပူးလ်က ထိန်းကစားသွားလို့ ၂-၁ ဂိုးနဲ့ပဲ ပွဲပြီးသွားခဲ့ရပါတယ်။
No comments:
Post a Comment