Pages

Subscribe:

Monday, April 6, 2015

ယူနိုက်တက်တွင် အသုံးမဝင်သူ တစ်ဦးနှယ် ခံစားမိခဲ့ဟု ဇာဟာဖွင့်ဟ



ယူနိုက်တက်တွင် အသုံးမဝင်သူ တစ်ဦးနှယ် ခံစားမိခဲ့ဟု ဇာဟာဖွင့်ဟ

မန်ချက်စတာ ယူနိုက်တက်တွင် မိမိကိုယ်ကို အသုံးမဝင်သူ တစ်ဦးနှယ် ခံစားမိလာခဲ့ကြောင်း ဝီလ်ဖရိုက်ဒ် ဇာဟာက ဖွင့်ဟ ပြောကြားခဲ့သည်။

အသက်(၂၂)နှစ် အရွယ်ရှိ အင်္ဂလန် တက်သစ်စ တောင်ပံ တိုက်စစ်သမားလေးကို ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်က ဝယ်ယူခဲ့သော်လည်း နောက်ထပ် ယူနိုက်တက် နည်းပြနှစ်ဆက်ဖြစ်သည့် ဒေးဗစ်မိုယက်စ်၊ လူးဝစ်ဗန်ဂါးလ်တို့ လက်အောက်တွင် တောက်လျှောက် နေရာပျောက်နေခဲ့သည်။ ၎င်းသည် နွေရာသီတွင် အသင်းဟောင်း ခရစ္စတယ်လ်ပဲလေ့စ်သို့ အငှားပြောင်းရွှေ့ခဲ့ပြီး ဆောင်းရာသီတွင်မူ ယူနိုက်တက်က ဇာဟာအား ပဲလေ့စ်ထံ အပြီးသတ် ရောင်းချခဲ့သည်။

ဇာဟာက အိုးလ်ထရက်ဖို့ဒ်တွင် အရန်ခုံ၌သာ အချိန်ကုန် ဖြတ်သန်းခဲ့ရသည့် ဆိုးရွားသော ဘဝနှင့် ပတ်သက်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု များစွာ လျော့ပါးသွားခဲ့ကြောင်း ဝန်ခံခဲ့သည်။ “ပွဲမကစားရတာလောက် ဆိုးတာမရှိဘူး။ ခုံမှာထိုင်နေရင်း ဘောလုံးမကစားဘဲ ငါဘာထိုင်လုပ်နေတာလဲလို့ အတွေးဝင်မိတယ်။ အရန်ခုံမှာ ထိုင်နေရင်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမဲ့သလို ခံစားမိလာတယ်။ အချိန်တိုင်းလိုလို ပွဲမကစားရဘဲ ပွဲကို ထိုင်ကြည့်နေရတာကိုး”ဟု ဇာဟာက ဆိုသည်။

၎င်းက “ကျွန်တော် ဘောလုံးမကစားရတော့ စိတ်ပျက်လာတယ်။ မိသားစုလည်း စိတ်ပျက်လာတယ်။ သူငယ်ချင်းတွေရောပဲ။ ယူနိုက်တက်မှာ ပွဲတစ်ပွဲ ကစားခွင့်ရဖို့က ခက်ခဲလွန်းတယ်။ မိသားစုကို ပွဲလက်မှတ်ပေးတိုင်း မင်းကစားရမလား မေးခံရတာက တော်တော်ဆိုးတယ်။ ကျွန်တော့် ခေါင်းထဲမှာ သံသယတွေ လွန်ကဲလာခဲ့ပါတယ်။ ယူနိုက်တက်မှာတုန်းက မိသားစုတွေ လာကြည့်တိုင်း ကျွန်တော်က ပွဲကြည့်စင်မှာပဲ ရှိနေတာလေ။ အခုတော့ ကျွန်တော် လက်မှတ်ပေးလိုက်ပြီး မိသားစုက လာကြည့်ရင် ကျွန်တော် ကစားနေတာကို တွေ့မြင်နိုင်ပါပြီ”ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment