Pages

Subscribe:

Monday, April 6, 2015

ဗီလာနှင့်ပွဲတွင် ဂိုးသွင်းခဲ့သည့် ဟာရဲရားကို နမ်းခဲ့ကြောင်း ဗန်ဂါးလ် အရွှန်းဖောက်



ဗီလာနှင့်ပွဲတွင် ဂိုးသွင်းခဲ့သည့် ဟာရဲရားကို နမ်းခဲ့ကြောင်း ဗန်ဂါးလ် အရွှန်းဖောက်

အက်စ်တန်ဗီလာကို အနိုင်ရသည့်ပွဲတွင် ခြေစွမ်းပြခဲ့သည့် အန်ဒါဟာရဲရားအတွက် ကျေနပ်သဖြင့် ၎င်းကို နမ်းပင် နမ်းလိုက်မိကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က အရွှန်းဖောက် ပြောဆိုခဲ့သည်။

စပိန်ကွင်းလယ် ကစားသမားသည် ပထမပိုင်း ပြီးခါနီးတွင် ဧရိယာထဲမှ ဘယ်ခြေကန်ချက်ဖြင့် ယူနိုက်တက်အတွက် ဦးဆောင်ဂိုးသွင်းပြီး ပွဲပြီးခါနီး နောက်ဆုံးမိနစ်ပိုင်းတွင်လည်း ဟွမ်မာတာ ခင်းပေးသည်ကို အလိုက်သင့် ဝင်ပိတ်ကာ နောက်တစ်ဂိုး သွင်းခဲ့သည်။ ယူနိုက်တက်အတွက် အသင်းခေါင်းဆောင် ဝိန်းရွန်နီက ဒုတိယဂိုး သွင်းခဲ့သဖြင့် အိုးလ်ထရက်ဖို့ဒ်တွင် အိမ်ရှင်တို့က (၃-၁)ဖြင့် အနိုင်ရကာ ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် လီဗာပူးလ်ကို (၈)မှတ်ဖြတ်ကာ ဦးဆောင်လျက် ရှိသည်။

ဗန်ဂါးလ်က ပထမပိုင်း ပြီးခါနီး ဦးဆောင်ဂိုး သွင်းပေးလိုက်သည့်နောက် ကွင်းထဲမှ ပြန်ထွက်ခွာလာသည့် ဟာရဲရားကို နမ်းလိုက်ကြောင်း နောက်ပြောင် ပြောဆိုခဲ့သည်။ “ဟာရဲရားက ကန်ချက်ပိုင်းမှာ နည်းစနစ် သိပ်ပိုင်တယ်။ သူက ဒီထက်ကို ပိုပြီး ဂိုးတွေရသင့်တာပါ။ သူ့အနေနဲ့ ဘောလုံးကို မကန်ခင်မှာ ထိန်းလိုက်ဖို့ ကျွန်တော် အကြံပေးထားတယ်။ ပွဲမကစားခင် လေ့ကျင့်ရေး အစီအစဉ်မှာတောင် ထပ်ပြောလိုက်ပါသေးတယ်။ ဒီပွဲ ပထမပိုင်း အပြီးမှာ ကျွန်တော် သူ့ကို သွားနမ်းလိုက်တယ်။ သူ့ဘဝမှာ ပထမဆုံးအကြိမ် ဘောလုံးကို တားပြီး ဂိုးကန်သွင်းသွားလို့လေ။ ဒါပေမဲ့ ဒုတိယပိုင်း ပြီးသွားတော့ ကျွန်တော် သူ့ကို ပြောပါတယ်။ သူဘောလုံးကို ထိန်းမကန်လည်း ကျွန်တော် နမ်းမှာပဲ ဆိုပြီးတော့ပါ”ဟု ဗန်ဂါးလ်က အရွှန်းဖောက် ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment