Monday, April 6, 2015
လက်ကျန် (၁၀)ပွဲသည် ပါလာမိုအတွက် နောက်ဆုံးကစားခြင်း ဖြစ်နိုင်ဟု ဒိုင်ဘာလာ ဖွင့်ဟ
လက်ကျန် (၁၀)ပွဲသည် ပါလာမိုအတွက် နောက်ဆုံးကစားခြင်း ဖြစ်နိုင်ဟု ဒိုင်ဘာလာ ဖွင့်ဟ
ယခုရာသီ လက်ကျန် စီးရီးအေ (၁၀)ပွဲသည် ပါလာမိုအတွက် မိမိ၏ နောက်ဆုံးပွဲစဉ်များ ဖြစ်နိုင်ကြောင်း ပေါ်လို ဒိုင်ဘာလာက ဖွင့်ဟ ဝန်ခံခဲ့သည်။
အာဂျင်တီးနား လူငယ်ခြေတက် တိုက်စစ်မှူးလေးသည် လာမည့်ရာသီတွင် အသင်းမှ ထွက်ခွာဖြစ်မည်ဟု ပါလာမိုက အတည်ပြုထားပြီး ၎င်းကို စီးရီးအေနှင့် ပရီးမီးယားလိဂ် ထိပ်တန်းကလပ်များက မျက်စိကျနေသည်။ အင်္ဂလန်မှ အာဆင်နယ်နှင့် မန်ချက်စတာ ယူနိုက်တက်တို့သည် ဒိုင်ဘာလာနှင့် သတင်းထွက်နေပြီး အီတလီမှ နာပိုလီနှင့် ဂျူဗင်းတပ်စ်တို့ကလည်း ကစားသမားကို စိတ်ဝင်စားလျက် ရှိသည်။ ယခုအခါ ဒိုင်ဘာလာ ကိုယ်တိုင်ကလည်း မိမိနှင့် ပါလာမိုတို့ကြား ရေစက်ကုန်ရန် တစ်စထက်တစ်စ အချိန်နီးလာပြီဟု အရိပ်အမြွက် ပြောကြားခဲ့သည်။
စနေနေ့က ၎င်း၏ ယခုရာသီ (၁၃)လုံးမြောက် စီးရီးအေဂိုးကို သွင်းယူခဲ့သည့် အသက်(၂၁)နှစ်အရွယ် ကစားသမားလေးက “လောလောဆယ်တော့ ကျွန်တော် အပြောင်းအရွှေ့ ဈေးကွက်နဲ့ ပတ်သက်ပြီး ဘာမှ မတွေးမိအောင် ကြိုးစားနေတယ်။ နောက်ဆုံး (၁၀)ပွဲကို ကျွန်တော် အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ဒီပွဲတွေက ပါလာမိုအတွက် ကျွန်တော် ကစားပေးတာ နောက်ဆုံး ဖြစ်သွားနိုင်တယ်လေ”ဟု ပြောကြားခဲ့သည်။ လီဗာပူးလ် အသင်းသည် ဒိုင်ဘာလာကို အကဲခတ်နေသလို ဘာစီလိုနာကလည်း ၎င်း၏ တိုးတက်မှုများကို စောင့်ကြည့်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ဒိုင်ဘာလာသည် မကြာသေးမီက နူးကမ့်သို့ သွားရောက်ခဲ့ရာ ယင်းနှင့် ပတ်သက်ပြီး ၎င်းက “ကျွန်တော် ဘာစီလိုနာပွဲ သွားကြည့်တာပါ။ ပရိသတ် အနေနဲ့သာ ဖြစ်ပါတယ်။ ကွင်းထဲမှာက တကယ့်ကို ထူးချွန်တဲ့ ကစားသမားတွေ ရှိနေတယ်လေ။ ပွဲကောင်းတစ်ပွဲကို သွားကြည့်တာဟာ ကျွန်တော့်အတွက် သင်ယူမှုတွေ အများကြီး ဖြစ်လာစေပါတယ်။ ကျွန်တော် အဲဒီပွဲကနေ အများကြီး ပညာရခဲ့ပါတယ်”ဟု ဖြေရှင်းသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment