Pages

Friday, May 1, 2015

ယူ-၂၀ အသင်း မေလ ဒုတိယအပတ်တွင် သြစတြေးလျနိုင်ငံသို့ ခြေစမ်းခရီးစဉ် ဆက်သွားမည်



ယူ-၂၀ အသင်း မေလ ဒုတိယအပတ်တွင် သြစတြေးလျနိုင်ငံသို့ ခြေစမ်းခရီးစဉ် ဆက်သွားမည်
Written by  ရွှေဘုတ်

ဧပြီ ၃၀၊ ရန်ကုန်။          ။ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ ယူ-၂၀ အသင်းသည် မေလ ဒုတိယအပတ်တွင် သြစတြေးလျနိုင်ငံသို့ခြေ စမ်းခရီးစဉ် ဆက်လက်သွားရောက်ရန် စီစဉ်ထားသည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ညွှန်ကြားရေးမှူး (စီမံ) ဦးစိုးမိုးကျော် ကပြောသည်။

မြန်မာ ယူ-၂၀ အသင်းသည်  ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်မှ စတင်ကာ ဆားဘီးယား၊ မက်ဆီဒိုနီးယား၊ ဂျာမနီ၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ အစရှိသည့် ဥရောပနိုင်ငံများသို့ ခြေစမ်းခရီးစဉ် သွားရောက်ကာ မေလ ပထမအပတ် တွင်မြန်မာနိုင်ငံ သို့ပြန်လည်ရောက် ရှိမည်ဖြစ်သည်။

မြန်မာ ယူ-၂၀ အသင်း၏ သြစတြေးလျ ခြေစမ်းခရီးစဉ်နှင့် ပတ်သက်၍ “ ယူ-၂၀ အသင်းက လာမယ့် မေလ ဒုတိယအပတ်ထဲမှာ သြစတြေးလျကို သွားဖို့ရှိ တယ်။ အဲ့ဒီ့မှာ သြစတြေးလျ ယူ-၂၀ အသင်းနဲ့ ခြေစမ်းဖို့ကိုတော့ ချိတ်ထားတုန်းပါပဲ။

ပြီးရင်တော့ နယူးဇီလန်ကို တန်းသွားမှာပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ နယူးဇီလန်ကို နှစ်ပတ်လောက် ကြိုသွားဖို့ စီစဉ်နေပါတယ်။ အသင်းကတော့လောလော ဆယ် ဟန်ဂေရီကနေ ပြန်မရောက်သေးပါဘူး။ အသင်းရဲ့ လက်ရှိခြေစမ်းပွဲရလဒ်ကတော့ အားရဖို့ကောင်းပါတယ် ” ဟု ဦးစိုးမိုးကျော် ကပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် နယူးဇီလန် ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမည့် မေလ ၃၀ ရက်တွင် စတင်ယှဉ်ပြိုင်ကစား ရမည်ဖြစ်ပြီး အုပ်စုအဖွင့်ပွဲစဉ် အဖြစ် အမေရိကန် ယူ-၂၀ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကာ မြန်မာစံတော်ချိန် နံနက် ၁၀း၃၀ ၌ Sky Net ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသ မည်ဖြစ်သည်။

Mizzima

No comments:

Post a Comment