Pages
▼
Wednesday, July 1, 2015
ဂိုးပေါက်ပျောက်ဆုံးနေမှုအပေါ် စိုးရိမ်ပူပန်ခြင်း မရှိကြောင်း မက်ဆီ ပြောကြား
ဂိုးပေါက်ပျောက်ဆုံးနေမှုအပေါ် စိုးရိမ်ပူပန်ခြင်း မရှိကြောင်း မက်ဆီ ပြောကြား
အင်္ဂါနေ့က ကိုပါအမေရိက အကြိုဗိုလ်လုပွဲတွင် ပါရာဂွေးကို ၆-၁ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း အာဂျင်တီးနားအသင်း အတွက် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိမှုအပေါ် စိုးရိမ်ခြင်းအလျဉ်းမရှိကြောင်း လီယွန်နယ်မက်ဆီက ပြောကြားလိုက်သည်။
အာဂျင်တီးနား အသင်းခေါင်းဆောင်သည် ပါရာဂွေးနှင့်ပွဲတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ဂျရတ်ဒိုမာတီနို၏ အသင်းအတွက် သုံးဂိုး ဖန်တီးပေးနိုင်ခဲ့ကာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည်။
“ဂိုးတစ်ဂိုးမှ မသွင်းနိုင်ခဲ့တဲ့အပေါ်မှာ စိုးရိမ်ပူပန်မှု မရှိပါဘူး။ ကျွန်တော်တို့က ပြီးပြည့်စုံတဲ့ ပွဲတစ်ပွဲကို ကစားခဲ့တာပါ။ အသင်းကလည်း အရင်ပွဲတွေက အတိုင်းပဲ ကစားသွားခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ပထမ ရည်မှန်းချက်က ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ပါ။ အခုဆိုရင် ချန်ပီယံဖြစ်ဖို့အတွက် အရမ်းကို စိတ်လှုပ်ရှားနေကြပါတယ်” ဟု မက်ဆီက ပြောကြားခဲ့သည်။
အာဂျင်တီးနားသည် ကိုပါအမေရိက ဗိုလ်လုပွဲတွင် အိမ်ရှင် ချီလီအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။ ဗိုလ်လုပွဲကို ဇူလိုင်လ ၄ ရက်တွင် ကျင်းပမည် ဖြစ်သည်။
၂၀၁၅ ကိုပါအမေရိကတွင် တစ်ဂိုးသာ သွင်းယူထားသည့် မက်ဆီက မိမိအနေဖြင့် အာဂျင်တီးနားအသင်းနှင့်အတူ ဆုဖလား ကိုင်မြှောက်ရန်အတွက် စိတ်အားထက်သန်နေကြောင်း ဖွင့်ဟခဲ့သည်။
“အခု ဗိုလ်လုပွဲကို ရောက်ပါပြီ။ ဒါက ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲပါပဲ။ ကိုပါအမေရိက ဆုဖလားကို ကိုင်မြှောက်ဖို့ဆိုတာ ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခုပါပဲ။ ကျွန်တော် ဒီဆုကို နိုင်ငံအသင်းနဲ့အတူ ရယူချင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Soccer Myanmar
No comments:
Post a Comment