Tuesday, February 10, 2015
ဘိုင်ယန်မြူးနစ်တွင် ပြန်လည် ပါဝင်ကစားရန် ရစ်ဘာရီ အသင့်ရှိနေ
ဘိုင်ယန်မြူးနစ်တွင် ပြန်လည် ပါဝင်ကစားရန် ရစ်ဘာရီ အသင့်ရှိနေ
ဒဏ်ရာ ပြဿနာကြောင့် အနား ယူနေရသည့် ဖရန့်ခ်ရစ်ဘာရီသည် ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝနေပြီး ဟမ်းဘတ်နှင့် ယှဉ်ပြိုင်ရမည့် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ၌ ပါဝင်ကစားရန် အသင့်ရှိနေကြောင်း သိရသည်။
ပြင်သစ် ကွင်းလယ်တောင်ပံ ကစားသမားသည် ပေါင်ခြံဒဏ်ရာကြောင့် ယခုနှစ်တွင် ဘိုင်ယန်မြူးနစ်အတွက် ပါဝင်ကစားခဲ့ရခြင်း မရှိပေ။ ၎င်းသည် တနင်္လာနေ့က လေ့ကျင့်ခန်း ပြန်လည် ပြုလုပ်နိုင်ခဲ့ပြီးနောက် အသင်းတွင် ပြန်လည်ပါဝင်ကစားနိုင်ဖွယ် ရှိနေသည်။
“ကြွက်သားရဲ့ တုံ့ပြန်မှုကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ စနေနေ့မှာ ကစားမယ့် ဟမ်းဘတ်နဲ့ပွဲမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု ရစ်ဘာရီက ပြောကြားခဲ့သည်။
ထို့အပြင် ခြေချင်းဝတ်အရွတ်စုတ်ပြဲ ဒဏ်ရာ ရရှိခဲ့ပြီး ဂျာမန်ချန်ပီယံ၏ ဆောင်းရာသီ အားလပ်ရက် အပြီး ကစားခဲ့သည့် ပထမဦးဆုံး ၃ ပွဲတွင် မပါဝင်နိုင်ခဲ့သော ရာဖင်ဟာသည်လည်း လေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ဘိုင်ယန်နည်းပြ ဂွာဒီယိုလာသည် ရစ်ဘာရီနှင့် ရာဖင်ဟာတို့၏ ဒဏ်ရာအခြေအနေ တိုးတက်ကောင်းမွန်လာမှုကြောင့် ဝမ်းမြောက်လျက်ရှိသည်။ ဘိုင်ယန်သည် ဖေဖော်ဝါရီ ၁၇ ရက်တွင် ချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်းအဆင့် ပထမအကျော့တွင် ရှက်တာဒိုးနက်နှင့် ကစားရန် ယူကရိန်းသို့ သွားရောက်ရမည် ဖြစ်သည်။
ဘိုင်ယန်မြူးနစ်သည် ဘွန်ဒက်စ်လီဂါ ဒုတိယရာသီဝက်အစတွင် ခြေစွမ်းကျဆင်းခဲ့ပြီး ဒုတိယနေရာမှ ဝုဖ်ဘတ်ကို ရှုံးနိမ့်ခဲ့သလို အိမ်ကွင်းတွင်လည်း ရှော့ကေးနှင့် သရေကျခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်က စတုဂတ်ကို အနိုင်ယူကာ အမှတ်ပေးဇယားထိပ်တွင် ၈ မှတ်အသာဖြင့် ဆက်လက်ရပ်တည်လျက်ရှိသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment