Thursday, March 12, 2015
ချယ်လ်ဆီးနှင့်ပွဲ ရလဒ်သည် စိတ်ဓာတ်ရေးရာ အောင်ပွဲတစ်ရပ်ဟု PSG ခံစစ်မှူး ဆေးလ်ဗားဆို
ချယ်လ်ဆီးနှင့်ပွဲ ရလဒ်သည် စိတ်ဓာတ်ရေးရာ အောင်ပွဲတစ်ရပ်ဟု PSG ခံစစ်မှူး ဆေးလ်ဗားဆို
တစ်ယောက်လျော့ အနေအထားဖြင့် ခံကန်ရင်း ချယ်လ်ဆီးကို သရေကစားကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့သည့် PSG၏ စိတ်ဓာတ်ခွန်အားအတွက် ဂုဏ်ယူမိကြောင်း သီယာဂို ဆေးလ်ဗားက ပြောကြားခဲ့သည်။
PSGသည် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ကစားသည့် ပွဲစဉ်၌ အဓိက တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ် ထုတ်ပယ်ခံရသော်လည်း ချယ်လ်ဆီးကို (၂)ဂိုးစီ သရေကျအောင် ကစားပြီး အဝေးဂိုး စည်းမျဉ်းဖြင့် နောက်တစ်ဆင့် တက်ခဲ့သည်။ ပြင်သစ်ချန်ပီယံ အသင်းသည် မိနစ်(၉၀)ဝန်းကျင်မျှ တစ်ယောက်လျော့ အနေအထားဖြင့် ကစားပြီး အိမ်ရှင်ကို အံတုခဲ့ရသော်လည်း အချိန်ပို ပြီးခါနီးတွင် ဆေးလ်ဗား သွင်းယူသည့် ခေါင်းတိုက်ဂိုးကြောင့် သရေရလဒ် ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဘရာဇီးလ် လက်ရွေးစင် နောက်ခံလူ ဆေးလ်ဗားက “တစ်သင်းလုံးကို ဂုဏ်ပြုရပါမယ်။ (၁၁)ယောက်ချင်း ယှဉ်ကစားရင်တောင် ဒီပွဲမျိုးက အရမ်းကို ခက်ခဲမှာပါ။ ဒါပေမဲ့ (၁၀)ယောက်ကျန် အနေအထားနဲ့ ကစားရတော့ ပိုပြီး ခက်သွားတယ်”ဟု ဆိုသည်။ ၎င်းက “ကျွန်တော်တို့ အနေနဲ့ အရမ်းကောင်းတဲ့ ပွဲတစ်ပွဲကို ကစားနိုင်ခဲ့တာပါ။ အသင်းဟာ တစ်ချိန်လုံး ကြံ့ကြံ့ခံ ကစားသွားခဲ့တယ်။ PSGဟာ ပြိုင်ဘက်တွေ နာကျင်ကြေကွဲသွားအောင် လုပ်ပြနိုင်တဲ့ အရည်အသွေးတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ ကျွန်တော်တို့က စိတ်ဓာတ်ရေးရာအရ အောင်ပွဲခံခဲ့တာလို့ ဆိုနိုင်ပါတယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment