Thursday, March 12, 2015
ဒီဂီယာကို ရီးယဲလ် ကမ်းလှမ်းခေါ်ယူသင့်ဟု ကာရေဂါ ထောက်ခံ
ဒီဂီယာကို ရီးယဲလ် ကမ်းလှမ်းခေါ်ယူသင့်ဟု ကာရေဂါ ထောက်ခံ
ရီးယဲလ်မက်ဒရစ် အနေဖြင့် မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာကို လက်တွေ့ ခေါ်ယူနိုင်သင့်ကြောင်း ဂျင်မီကာရေဂါက မှတ်ချက်ပြုခဲ့သည်။
စပိန်လက်ရွေးစင် ဒီဂီယာသည် ယူနိုက်တက်တွင် စာချုပ်သက်တမ်းလက်ကျန် တစ်နှစ်ခွဲမျှသာ ရှိတော့ပြီး စပိန်ထိပ်တန်း ကလပ်အသင်းက ၎င်းကို စိတ်ဝင်စားမှု ပြသနေသည်။ အသက်(၂၄)နှစ်ရှိ ဒီဂီယာသည် ယခုရာသီ ယူနိုက်တက်တွင် ပြောင်မြောက်စွာ လက်စွမ်းပြနေရာ ဝါရင့်ဂိုးသမားကြီး ဒေးဗစ်ဒီဂီယာ၏ နေရာအတွက် အစားထိုးရန် လူသစ်ရှာနေသည့် ရီးယဲလ်၏ အာရုံကို ဆွဲဆောင်လျက် ရှိသည်။ လီဗာပူးလ်၏ ဂန္ထဝင် ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး ယခုအခါ Sky Sports၏ ဘောလုံးအစီအစဉ်မှူး အနေဖြင့် တာဝန်ယူထားသည့် ကာရေဂါက အဆိုပါ အပြောင်းအရွှေ့သည် ဖြစ်သင့် ဖြစ်ထိုက်ကြောင်း ပြောဆိုသွားသည်။
ကာရေဂါက “မက်ဒရစ်ဟာ ဂိုးသမားသစ်တစ်ယောက် လိုနေတယ်။ ဒီဂီယာက အောင်မြင်မှု ဆုဖလားတွေ လိုချင်တယ်။ ဒီကိစ္စ ဘာမှ ခေါင်းစားနေစရာ မလိုဘူး”ဟု Twitterတွင် မှတ်ချက်ပြု ရေးသားခဲ့သည်။ ယူနိုက်တက်သည် FAဖလား ကွာတားဖိုင်နယ် အဆင့်တွင် အာဆင်နယ်ကို အရေးနိမ့်ခဲ့သည့်နောက် ယခုရာသီ ဆုဖလား မျှော်လင့်ချက် လက်ကျန်မရှိတောချေ့။ Sky Sports၏ အခြား ဘောလုံးရေးရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် နေးလ်မက္ကန်းကလည်း ကာရေဂါ၏ သဘောထားကို ထောက်ခံခဲ့သည်။
၎င်းက “အဲဒီအပြောင်းအရွှေ့ ဖြစ်လာမယ်လို့ ကျွန်တော်ထင်တယ်။ ဒီဂီယာက ရီးယဲလ်မက်ဒရစ်ကို သွားမှာပဲ။ မန်ချက်စတာ ယူနိုက်တက်မှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သူက ကျေနပ်ရောင့်ရဲနေမယ် မထင်ဘူး။ ကားဆီးလက်စ်ဟာ ထိပ်တန်းအဆင့် ဂိုးသမား တစ်ယောက်ပါ။ သူ့မျိုးဆက် ကာလမှ တကယ့်ထိပ်တန်း အရည်အသွေးနဲ့ ကစားခဲ့တာ ကျွန်တော်တို့ မျက်မြင်ပါပဲ။ ဒါပေမဲ့ သူဟာ နောက်ပိုင်းမှာ အမှားတွေ လုပ်လာတယ်။ ထိပ်တန်း ဂိုးသမားတွေဟာ အမှားတွေ လုပ်လို့မရပါဘူး။ အမိဖမ်းရမယ့် ဘောလုံးတွေကို ပုတ်ထုတ်နေရင်း ပြိုင်ဘက် တိုက်စစ်မှူးတွေ အခွင့်အရေး ရသွားတတ်ပါတယ်။ ကားဆီးလက်စ်ဟာ ဂိုးပေါက်ကို ဦးတည်လာတဲ့ ဘောလုံးတွေကို ဧရိယာထဲ ပြန်ပုတ်ထုတ်နေတတ်ပြီး အဲဒီမှာ တိုက်စစ်မှူးတွေက ဂိုးသွင်းဖို့ အခွင့်ကောင်းကို ချောင်းနေကြတာလေ”ဟု ဆိုသည်။
မက္ကန်းက “ဒီအချက်ဟာ ကားဆီးလက်စ် အနေနဲ့ ယုံကြည်မှုအပိုင်း အားနည်းလာတယ်လို့ ခံစားမိပါတယ်။ တစ်ဖက်က ကြည့်ရင်တော့ ရီးယဲလ်မက်ဒရစ် ခံစစ်သမား လေးယောက်ကြောင့် ဂိုးတွေပေးနေရသလို ကွင်းလယ်ကလည်း ခံစစ်နဲ့ ပေါင်းစည်းမှု အားနည်းနေသလိုပဲ။ ဒါက အသင်းနဲ့ဆိုင်တဲ့ ကိစ္စပါ။ ဒါပေမဲ့ ကားဆီးလက်စ်ကတော့ အဓိက မီးမောင်းထိုး စွပ်စွဲခံနေရတယ်။ ဂိုးသမားတစ်ယောက်ရဲ့ အမှားကြောင့် ဘောလုံးဟာ ဂိုးထဲကို လွယ်လွယ်ရောက်သွားနိုင်တယ်။ သိပ်မကြာခင်မှာပဲ ရီးယဲလ်မက်ဒရစ်ဟာ ဒီဂီယာကို အလေးအနက် ကမ်းလှမ်းလာတော့မယ်လို့ ထင်ပါတယ်”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
Labels:
ပရီးမီးယားလိဂ်,
လာလီဂါ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment