Pages

Subscribe:

Wednesday, July 8, 2015

အက်သလက်တီကိုမှ အငှားခေါ်ယူထားသည့် မန်ကွီလို၏ စာချုပ်ကို လီဗာပူးလ် အချိန်စော ဖျက်သိမ်း



အက်သလက်တီကိုမှ အငှားခေါ်ယူထားသည့် မန်ကွီလို၏ စာချုပ်ကို လီဗာပူးလ် အချိန်စော ဖျက်သိမ်း

လီဗာပူးလ် အသင်းသည် လူငယ် တောင်ပံခံစစ်သမားလေး ဟာဗီ မန်ကွီလိုကို အက်သလက်တီကို မက်ဒရစ်ထံမှ အငှားခေါ်ယူထားမှုအား ရုပ်သိမ်းတော့မည်ဟု သိရှိရသည်။

အသက်(၂၁)နှစ် အရွယ်ရှိ စပိန်လူငယ် ကစားသမားသည် အန်းဖီးလ်တွင် နှစ်ရာသီ အငှားလာကစားရန် သဘောတူညီထားသော်လည်း ယခုအခါ တစ်ရာသီ အပြီး၌ ဗင်းဆင့်ကယ်လ်ဒါရွန် ကွင်းကြီးသို့ ပြန်သွားရတော့မည် ဖြစ်သည်။ အက်သလက်တီကိုက မန်ကွီလိုသည် ပြီးခဲ့သည့် ရာသီတွင် လီဗာပူးလ်၌ လုံလောက်သည့် ပွဲအရေအတွက် မကစားခဲ့ရဟု ဆုံးဖြတ်ခဲ့ပြီး လီဗာပူးလ်ကလည်း လာမည့်ရာသီတွင် မန်ကွီလိုကို ပွဲများများ အသုံးပြုမည် မဟုတ်ဟု အကြောင်းပြန်ခဲ့သည်။ ထို့ကြောင့်လည်း သတ်မှတ်ချက်ထက် တစ်နှစ်စောပြီး စပိန်သို့ မန်ကွီလို ပြန်သွားရမည် ဖြစ်သည်။

အက်သလက်တီကို အသင်းက မန်ကွီလိုသည် ရာသီကြို လေ့ကျင့်ရေး အစီအစဉ်များတွင် နည်းပြ ဒီယေဂို ဆီမြွန်း၏ လူစာရင်း၌ လာရောက်ပူးပေါင်းမည်ဟု ကြေညာခဲ့သည်။ အက်သလက်တီကိုသည် ပုံမှန်ကစားခွင့် ပေးနိုင်မည့် အသင်းတစ်ခုခုက မန်ကွီလိုကို အငှားကမ်းလှမ်းလာမှုများကိုလည်း လက်ခံစဉ်းစားဖွယ် ရှိနေသည်။ မန်ကွီလိုသည် ရာသီအစပိုင်းတွင် လီဗာပူးလ်အတွက် (၁၈)ပွဲထိ ကစားခွင့် ရခဲ့သော်လည်း နောက်ပိုင်းတွင် အရန်ခုံတွင်သာ အဓိက နေရာရတော့သည်။

လီဗာပူးလ် အနေဖြင့် ဆောက်သမ်တန် ညာနောက်ခံလူ နသန်နီရယ်လ် ကလင်းကို ခေါ်ယူလိုက်ခြင်းကလည်း မန်ကွီလို၏ ညာနောက်ခံနေရာ ပွဲထွက်ခွင့် မျှော်လင့်ချက်ကို ဆုံးခန်းတိုင်သွားစေခဲ့သည်။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment