Wednesday, March 11, 2015
အသက်(၂၁)နှစ်အောက် ယူနိုက်တက် အရန် အသင်းတွင်ပင် ခြေစွမ်း မပြနိုင်ခဲ့သည့် ဖယ်လ်ကာအို
အသက်(၂၁)နှစ်အောက် ယူနိုက်တက် အရန် အသင်းတွင်ပင် ခြေစွမ်း မပြနိုင်ခဲ့သည့် ဖယ်လ်ကာအို
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရာဒါမယ် ဖယ်လ်ကာအိုသည် အသက်(၂၁)နှစ်အောက် အရန်အသင်းတွင် ပါဝင်ကစားရာ၌ပင် ခြေစွမ်းပြရန် ရုန်းကန်နေရကြောင်း သိရှိရသည်။
မိုနာကိုမှ အငှားခေါ်ယူထားသည့် ကိုလံဘီယာ လက်ရွေးစင် တိုက်စစ်မှူးသည် ယူနိုက်တက်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် နှစ်သိန်းခွဲထိ ရရှိနေသူ ဖြစ်သည်။ ၎င်းသည် မန်နေဂျာ လူးဝစ်ဗန်ဂါးလ် လက်အောက်တွင် ခြေစွမ်းပြရန် ရုန်းကန်နေရပြီး အာဆင်နယ်ကို အရေးနိမ့်သည့် FAဖလား ကွာတားဖိုင်နယ်တွင် အသင်းအတွက် ပွဲထွက်ခွင့်ပင် မရရှိခဲ့ချေ။ ပေါင်စတာလင် (၄၃.၅)သန်းတန် ကစားသမားသည် ရာသီကုန်တွင် အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာ ရမည်ဟုလည်း သတင်းကြီးလျက် ရှိသည်။
၎င်းသည် တော့တင်ဟမ် ဟော့စပါးနှင့် ကစားသည့် အသက်(၂၁)နှစ်အောက် အသင်းများ ပွဲစဉ်၌ ပါဝင် ကစားခဲ့သော်လည်း ခြေစွမ်း မပြနိုင်သဖြင့် (၇၂)မိနစ်တွင် ဂျော့ရှ်ဟာပါးနှင့် လူစားလဲခံခဲ့ရသည်။ အဆိုပါ ပွဲစဉ်ကို ဗန်ဂါးလ်၏ လက်ထောက် ရိုင်ယန်ဂစ်က လာရောက် ကြည့်ရှုခဲ့သည်။ အသက်(၂၉)နှစ်ရှိ ဖယ်လ်ကာအိုသည် ပေါ်တို၊ အက်သလက်တီကို မက်ဒရစ်တို့တွင် ကမ္ဘာ့အဆင့် အကောင်းဆုံး စာရင်းဝင် တိုက်စစ်မှူးတစ်ဦး ဖြစ်ခဲ့သော်လည်း ယူနိုက်တက်တွင် တောက်လျှောက် ရုန်းကန်နေရသည်။ ၎င်းသည် အသင်းအတွက် ပွဲပေါင်း(၂၀) ကစားပြီး (၄)ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဗန်ဂါးလ်၏ ဘောလုံး ဒဿန၌ အထိုင်မကျဘဲ ရှိနေဆဲ ဖြစ်သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment