Tuesday, March 3, 2015
(၇)နှစ် အတွင်း ပထမဆုံး အကြိမ် အမြတ်အစွန်း ပေါ်လာသည့် လီဗာပူးလ်
(၇)နှစ် အတွင်း ပထမဆုံး အကြိမ် အမြတ်အစွန်း ပေါ်လာသည့် လီဗာပူးလ်
လီဗာပူးလ် အသင်းသည် နှစ်ပတ်လည် စာရင်းရှင်းတမ်းအရ (၇)နှစ်အတွင်း ပထမဆုံး အကြိမ် အမြတ်အစွန်း ထွက်ပေါ်လာခဲ့ကြောင်း သတင်းရရှိသည်။
မေလ(၃၁)ရက်ထိ ဘဏ္ဍာရေးနှစ်ကုန် တွက်ချက်မှုအရ လီဗာပူးလ်သည် အခွန်မဆောင်မီ ပေါင်စတာလင် (၀.၉)သန်း အမြတ်အစွန်း ရရှိခဲ့သည်။ အဆိုပါ ငွေပမာဏသည် ကလပ်အသင်းအတွက် ပြောပလောက်အောင် မဟုတ်သော်လည်း ယင်းမတိုင်မီနှစ်က ပေါင်စတာလင် (၄၉.၈)သန်း အရှုံးပေါ်ခဲ့သည့် အခြေအနေနှင့်ယှဉ်လျှင် သိသိသာသာ တိုးတက်မှု ရှိလာခြင်း ဖြစ်သည်။ လီဗာပူးလ်ကို (၂၀၁၀)ပြည့်နှစ်က အမေရိကန် သန်းကြွယ်သူဌေး ဂျွန်ဟင်နရီ၏ FSG ကုမ္ပဏီက ဝယ်ယူခဲ့ပြီးနောက်ပိုင်း ငွေရေးကြေးရေး အညွှန်းကိန်းဂဏန်းများ မြင့်တက်လာခြင်းလည်း ဖြစ်သည်။
လီဗာပူးလ်၏ နောက်ဆုံးနှစ်ပတ်လည် ငွေကြေးအစီရင်ခံချက်အရ ယင်းမတိုင်မီ နှစ်ကထက် စုစုပေါင်းဝင်ငွေ (၁၉)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ ထို့အပြင် အသင်းအနေဖြင့် အပြောင်းအရွှေ့ လှုပ်ရှားမှုများတွင် ဝင်ငွေထွက်ငွေ မျှတခဲ့ပြီး ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)၏ ဘဏ္ဍာရေး ကန့်သတ်စည်းမျဉ်း (FFP)ကို ချိုးဖောက်မှု မရှိခဲ့ကြောင်းလည်း အတည်ပြုနိုင်ခဲ့သည်။ သို့သော်လည်း အနုတ် လက္ခဏာ တစ်ရပ်မှာ အသင်း၏ ကြွေးမြီပမာဏသည် ပေါင်စတာလင် (၁၂.၂)သန်းမှ ပေါင်စတာလင် (၅၇.၃)သန်းသို့ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
လီဗာပူးလ်ကို FSGက ဝယ်ယူခဲ့သည့်နောက် အသင်း၏ နှစ်စဉ် ဝင်ငွေသည် ပုံမှန် မြင့်တက်လာသော်လည်း ကြွေးမြီတင်ရှိမှု တိုးပွားလာခြင်းကိုမူ ထိန်းချုပ်ရန် ကြိုးပမ်းနေရဆဲ ဖြစ်သည်။ လာမည့်နှစ်တွင် ပရီးမီးယားလိဂ်၏ ရုပ်သံထုတ်လွှင့်ခွင့် ခွဲတမ်းအရ ဝင်ငွေ တိုးပွားလာမည် ဖြစ်သောကြောင့် လီဗာပူးလ်၏ ဘဏ္ဍာရေး အညွှန်းကိန်းဂဏန်းများ ပိုမိုကောင်းမွန်လာဖွယ် ရှိကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment