Pages

Subscribe:

Thursday, March 5, 2015

ကွမ်ပနီကို ပွဲထွက်စာရင်းမှ ချန်လှပ်ထားမှုကို ပယ်လီဂရီနီ ရှင်းလင်း



ကွမ်ပနီကို ပွဲထွက်စာရင်းမှ ချန်လှပ်ထားမှုကို ပယ်လီဂရီနီ ရှင်းလင်း

လက်ဆက်စတာစီးတီးနှင့် ပွဲစဉ်တွင် အသင်းခေါင်းဆောင် ဗင်းဆင့်ကွမ်ပနီကို ချန်လှပ်ထားခြင်းနှင့် ပတ်သက်ပြီး မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ၎င်း၏ ဆုံးဖြတ်ချက်ကို ဖြေရှင်းပြောကြားခဲ့သည်။

ကွမ်ပနီသည် လီဗာပူးလ်ကို (၂-၁)ဖြင့် အရေးနိမ့်ခဲ့သည့် တနင်္ဂနွေနေ့ည ပရီးမီးယားလိဂ် ပွဲစဉ်တွင် အမှားအယွင်းများ ပြုလုပ်ခဲ့သည်။ ချီလီသား မန်နေဂျာကြီးသည် အဆိုပါ ပွဲစဉ်လူစာရင်းမှ (၅)ဦးကို ပြောင်းလဲပြီး လက်ဆက်စတာကို ရင်ဆိုင်ခဲ့ရာ (၂-၀)ဖြင့် အနိုင်ရခဲ့သည်။ ကွမ်ပနီအပြင် ပက်ဘလိုဇာဘလက်တာနှင့် အီဒင်ဂျက်ကိုတို့သည် အရန်ခုံတွင် ရှိနေခဲ့ပြီး ကွင်းလယ်မှ ဆမ်မီနာဆရီနှင့် ဖာနန်ဒင်ဟိုတို့မှာမူ အရန်လူစာရင်းတွင်ပင် ပါမလာခဲ့ချေ။ အစ်တီဟတ်တွင် ကစားသည့် ပွဲစဉ်၌ အပြောင်းအလဲများ ပြုလုပ်ပြီး အသင်းခေါင်းဆောင်ကိုပါ အရန်လူစာရင်း ပို့ဆောင်ခဲ့ခြင်းသည် လက်ရှိအသင်းကို လန်းဆန်းလာစေရန် ရည်ရွယ်၍ဖြစ်ကြောင်း ပယ်လီဂရီနီက ရှင်းလင်းခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မန်စီးတီးသည် ဘာစီလိုနာ၊ လီဗာပူးလ်တို့နှင့် ပွဲကျပ်များ ကစားခဲ့ရသည့်အတွက် မိမိ၏ အသင်းသားများသည် စိတ်ရောကိုယ်ပါ နွမ်းနယ်နေကြောင်း ၎င်းက ဆိုသည်။ “ကျွန်တော့် အသင်းကို ပြီးခဲ့တဲ့ နှစ်ပွဲစာ ဖြတ်သန်းမှုအတွက် အနားပေးချင်ပါတယ်။ ဒီပွဲတွေမှာ ကစားသမားတွေက စိတ်ရောကိုယ်ပါ အရမ်းပင်ပန်းခဲ့ကြတယ်။ ဒီအခြေအနေမှာ သူတို့အတွက် အနားပေးမှုက သိပ်အရေးကြီးပါတယ်”ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။ ၎င်းက “ကွမ်ပနီအပြင် ဇာဘလက်တာ၊ နာဆရီ၊ ဖာနန်ဒင်ဟိုတို့ အတွက်ပါ ဒီအခြေအနေက အတူတူပါပဲ”ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ပယ်လီဂရီနီက မန်စီးတီး အနေဖြင့် နှစ်ပွဲဆက် အရေးနိမ့်မှုအပြီး အမှတ်ပေးဇယား အောက်ခြေမှ လက်ဆက်စတာကို အနိုင်ပြန်ရလိုက်ခြင်းသည် အသင်းအတွက် အလွန်အရေးပါကြောင်း ဆိုသည်။ “သိပ်အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ ခက်ခဲတဲ့ သီတင်းပတ် တစ်ခုကို ဖြတ်သန်းခဲ့ရတာလေ။ လီဗာပူးလ်နဲ့ ဘာစီလိုနာတို့ကို ရှုံးခဲ့တယ်။ အခု အိမ်ကွင်းမှာ ကစားပြီး နိုင်ပွဲရခဲ့တာဟာ အရေးအကြီးဆုံး ကိစ္စတစ်ခုပါပဲ။ ကျွန်တော်တို့ သုံးမှတ် ရလိုက်ပြီ။ ပွဲအစကတည်းက ပြိုင်ဘက်ကို စိုးမိုးထားနိုင်ဖို့ ကျွန်တော်တို့ အားထုတ်ခဲ့သလို ခြေစွမ်းပိုင်းကလည်း ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ ဒုတိယဂိုး ရခဲ့တဲ့ အချိန်က တော်တော်လေး နောက်ကျသွားတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါကလည်း တစ်ဂိုးအသာ ရနေချိန်မှာတောင် ကျွန်တော့်အသင်းက နည်းနည်း စိတ်လှုပ်ရှားနေတာကြောင့်ပါ။ တစ်ဖက်က ကိုးယောက်၊ ဆယ်ယောက်လောက် ပိတ်ကစားနေတာကြောင့် ရှင်းရှင်းလင်းလင်း ကန်သွင်းခွင့် သိပ်မရတာလည်း ပါတယ်။ နေရာလွတ်တွေ ဖန်တီးဖို့ ခက်ခဲနေခဲ့ပါတယ်။ ဒါကြောင့် အဖွင့်ဂိုးကို ပထမပိုင်း ကတည်းက ရထားလိုက်တာ သိပ်ကို အရေးကြီးခဲ့ပါတယ်”ဟုလည်း ပယ်လီဂရီနီက ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment