Saturday, March 14, 2015
အီဘရာဟီမိုဗစ်၏ ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးမည် မဟုတ်ဟု UEFA အတည်ပြု
အီဘရာဟီမိုဗစ်၏ ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးမည် မဟုတ်ဟု UEFA အတည်ပြု
ချယ်လ်ဆီးနှင့် ပွဲတွင် အနီကတ် ပြသခံရသည့် PSG တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်၏ နောက်ဆက်တွဲ ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးမည် မဟုတ်ကြောင်း ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)က အတည်ပြုခဲ့သည်။
စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် နှစ်ဂိုးစီ သရေကျပြီး အဝေးဂိုး စည်းမျဉ်းအရ PSGအသင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်ခဲ့သော အဆိုပါ ပွဲစဉ်တွင် ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် အော်စကာကို ခပ်ကြမ်းကြမ်း ဖျက်ထုတ်မှုကြောင့် ပွဲချိန်(၃၂)မိနစ်တွင် အနီကတ် ပြသခြင်း ခံခဲ့ရသည်။ PSGသည် အချိန်ပို မိနစ်(၃၀) အပါအဝင် မိနစ်(၉၀)မျှ တစ်ယောက်လျော့ အနေအထားဖြင့် ကြံ့ကြံ့ခံ ကစားရင်း ချယ်လ်ဆီးကို ချေပဂိုးများ ပြန်သွင်းကာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
PSGက အီဘရာဟီမိုဗစ်၏ အနီကတ်အတွက် အယူခံဝင်ရန် ဖြစ်နိုင်ခြေကို စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လာချိန်တွင် UEFA တာဝန်ရှိသူ တစ်ဦးက စည်းမျဉ်းပိုင်းအရ မဖြစ်နိုင်ဟု ယတိပြတ် ငြင်းဆိုခဲ့သည်။ “ကွင်းထဲမှာ ဒိုင်လူကြီးတွေ ဆုံးဖြတ်ခဲ့တာဟာ အပြီးသတ် စီရင်ချက်ပါပဲ။ ဒီကိစ္စကို UEFAရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ကော်မတီက နောက်ထပ် သုံးသပ် စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။ UEFAသည် (၂၀၀၉)ခုနှစ်က မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဒါရင်ဖလက်ချာ၏ အနီကတ်အတွက် အယူခံကိုလည်း ငြင်းဆိုခဲ့ဖူးသည်။
ထိုစဉ်က အာဆင်နယ်နှင့်ပွဲတွင် ဖလက်ချာ ထုတ်ပယ်ခံရသော်လည်း ဗီဒီယို မှတ်တမ်းများအရ ဖလက်ချာသည် ပြိုင်ဘက်ကစားသမားကို အနည်းငယ်မျှသာ ထိခိုက်မိခဲ့သည်ကို တွေ့ရသည်။ သို့သော်လည်း UEFA၏ ဆုံးဖြတ်ချက်အရ ၎င်းသည် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲကို လွဲချော်သွားခဲ့သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment