Pages

Subscribe:

Saturday, June 20, 2015

ဘာစီလိုနာမှ အက်ဒရီယာနို ထွက်ခွာဖွယ်ရှိကြောင်း ၎င်း၏အေးဂျင့် ဝန်ခံ



ဘာစီလိုနာမှ အက်ဒရီယာနို ထွက်ခွာဖွယ်ရှိကြောင်း ၎င်း၏အေးဂျင့် ဝန်ခံ

ဘာစီလိုနာ နောက်ခံ ကစားသမား အက်ဒရီယာနိုသည် ပွဲကစားခွင့် ပိုမိုရရှိရန်အတွက် လာမည့် နွေရာသီတွင် အသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။

အသက် ၃၀ နှစ်အရွယ် ဘယ်နောက်ခံ ကစားသမားသည် နူးကမ့်၏ ဦးစားပေးအဆင့်တွင် ဂျော်ဒီအယ်လ်ဘာ၊ ဒန်နီအဲလ်ဗက်စ်နှင့် ဂျရီမီမက်သယူးတို့၏နောက်တွင်သာ ရှိပြီး ၂၀၁၄-၁၅ ဘောလုံးရာသီတွင် လာလီဂါ၌ ၁၆ ပွဲသာ ကစားခဲ့ရသည်။

ထို့နောက် ဘရာဇီးလ် ကစားသမား၏ အေးဂျင့်ဖြစ်သူ ပေါ်လိုအဖွန်ဆိုက မိမိ၏ ကစားသမားသည် အသင်းတွင် ပျော်ရွှင်နေသူ ဖြစ်ကြောင်း၊ သို့သော်လည်း ပုံမှန်ပွဲထွက်ခွင့် မရရှိပါက ချန်ပီယံလိဂ်အသင်းတစ်သင်းသို့ ပြောင်းရွှေ့နိုင်ကြောင်း ဆိုခဲ့သည်။

“အက်ဒရီယာနိုက ဘာစီလိုနာမှာ အရမ်းကို ပျော်ရွှင်နေပါတယ်။ ဘာစီလိုနာနဲ့ ကစားပြီး ရရှိခဲ့တဲ့ ဆုဖလားတွေအတွက်လည်း အသင်းအပေါ် အရမ်းကို ကျေးဇူးတင်နေသူပါ။ ဒါပေမဲ့သူက ပွဲကစားဖို့ ဆန္ဒရှိနေပါတယ်။ သူက လက်ရှိထက် ပွဲကစားရမယ့်အချိန်တွေ ပိုလိုချင်နေပါတယ်။ ဒါက ဘာစီလိုနာကနေ သူထွက်ခွာနိုင်မယ့် တစ်ခုတည်းသော အချက်ပါ။ ကျွန်တော်တို့ ကမ်းလှမ်းမှုတွေကို နားစွင့်နေပါတယ်။ အဲ့ဒီနောက် အကောင်းဆုံး အဖြေတစ်ခုကို ရှာဖွေသွားမှာပါ။ သူက ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ အသင်းတစ်သင်းမှာ ပွဲကစားခွင့်ရဖို့ ဆန္ဒရှိနေသူပါ” ဟု အဖွန်ဆိုက ပြောကြားခဲ့သည်။

၂၀၁၀ ခုနှစ်က ဆီဗီးလားမှ ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့သည့် အက်ဒရီယာနိုသည် ၅ နှစ်တာအတွင်း လာလီဂါ ဆုဖလား သုံးကြိမ်၊ ကိုပါဒယ်ရေးဆုဖလား နှစ်ကြိမ်နှင့် ချန်ပီယံလိဂ် ဆုဖလား နှစ်ကြိမ် ရရှိခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment