Monday, June 22, 2015
ဘက္ကာအတွက် ဆီဗီးလား၏ သတ်မှတ်ဈေးနှုန်းကြောင့် လီဗာပူးလ် အခက်တွေ့နေ
ဘက္ကာအတွက် ဆီဗီးလား၏ သတ်မှတ်ဈေးနှုန်းကြောင့် လီဗာပူးလ် အခက်တွေ့နေ
လီဗာပူးလ် အနေဖြင့် ဆီဗီးလား တိုက်စစ်မှူး ကားလို့စ် ဘက္ကာကို ခေါ်ယူရန် ဆန္ဒ ရှိနေသော်လည်း စပိန်ကလပ်၏ ခေါ်ဈေး သတ်မှတ်ချက်ကြောင့် အခက်တွေ့နေကြောင်း သိရသည်။
ဆီဗီးလားသည် ကိုလံဘီယာ လက်ရွေးစင် တိုက်စစ်မှူးအတွက် သတ်မှတ်ဈေးနှုန်း ပေါင်စတာလင် (၂၁.၅)သန်းဆိုသော အချက်ကို စာချုပ်ထဲတွင် ထည့်သွင်း ချုပ်ဆိုထားသည်။ ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် ဆီဗီးလားအတွက် သူရဲကောင်း ဖြစ်ခဲ့သည့် ဘက္ကာကို လိုချင်သော အသင်းမျိုး ရှိလာပါက အဆိုပါ စာချုပ်ပါ ဈေးနှုန်း သတ်မှတ်ချက်အတိုင်း ပေးချေရမည်ဟု ဆီဗီးလားက အခိုင်အမာ ရပ်တည်နေခြင်းကြောင့် လီဗာပူးလ်အတွက် အကျပ်ရိုက်နေခြင်း ဖြစ်သည်။ ပရီးမီးယားလိဂ် ကလပ်အသင်းသည် တိုက်စစ်မှူးသစ်များ ဖြည့်တင်းရန် စီစဉ်နေသော်လည်း ပစ်မှတ်များ၏ ဈေးနှုန်း မြင့်မားနေခြင်းကြောင့် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည်။
လီဗာပူးလ်၏ နောက်ထပ် ပစ်မှတ်တိုက်စစ်မှူး တစ်ဦးဖြစ်သည့် ခရစ္စတီယန် ဘန်တက်ကီကိုလည်း မိခင်ကလပ် အက်စ်တန်ဗီလာက ခေါ်ဈေး ပေါင်စတာလင် (၃၂.၅)သန်းထိ သတ်မှတ်ထားသည်။ ဘက္ကာသည် ကိုပါအမေရိက ဖလားပြိုင်ပွဲဝင် ကိုလံဘီယာ အသင်းအတွက် ရွေးချယ်ခံရပြီး ပြီးခဲ့သည့်ရာသီက ဆီဗီးလားအတွက် ပြိုင်ပွဲပေါင်းစုံတွင် (၂၈)ဂိုးထိ သွင်းယူနိုင်ခဲ့သည်။ ဆီဗီးလား အားကစား ဒါရိုက်တာ မွန်ချီသည် အသက်(၂၈)နှစ်အရွယ် ကစားသမားကို စိတ်ဝင်စားနေသည့် အသင်းတိုင်း အနေဖြင့် ဘက္ကာ၏ သတ်မှတ်ဈေးအတိုင်း ပေးချေရန် လိုအပ်မည်ဟု သတိပေးထားသည်။
မွန်ချီက “တကယ်လို့ ဘက္ကာကို တစ်ယောက်ယောက်က လိုချင်တယ် ဆိုပါစို့၊ သူ့စာချုပ်ပါ ဈေးအတိုင်းတော့ ပေးရမှာပဲ။ ပြီးတော့ သူကိုယ်တိုင်ကလည်း အသင်းမှာ ဆက်နေချင်ကြောင်း ကျွန်တော်တို့ကို ပြောထားပြီးသားပါ။ ဒီတော့ သူ့ကို မဖြစ်မနေ လိုချင်ရင် သူ့အတွက် သတ်မှတ်ထားတဲ့ ဈေးအတိုင်း ပေးဖို့ကလွဲရင် တခြား ဖြစ်နိုင်ခြေ တစ်ခုခုတော့ မမြင်မဘူး။ ဘက္ကာရဲ့ စာချုပ်မှာ ကလပ်နဲ့ ကစားသမားကြား နားလည်မှု ယူထားတဲ့ အချက်တွေ ရှိတယ်။ ဒါပေမဲ့ တခြားအသင်း တစ်ခုခုက သူ့အတွက် သတ်မှတ်ဈေးအတိုင်း ပေးလာရင်တော့ ကျွန်တော်တို့ ဘာမှ လုပ်လို့ မရဘူး။ ဘက္ကာ အသင်းမှာ ဆက်နေဖို့ မျှော်လင့်ပါတယ်။ ဆီဗီးလား အနေနဲ့လည်း ဒီအခြေအနေကို လိုလားတယ်။ ပြောရရင်တော့ ကစားသမားကို ရောင်းထုတ်ဖို့ ကျွန်တော်တို့ဘက်က သိပ်ပြီး ဆန္ဒမရှိလှပါဘူး”ဟုလည်း ပြောကြားသွားသည်။
လီဗာပူးလ်သည် ဘက္ကာကို ခေါ်ယူရေးကိစ္စ အဆင်မပြေနိုင်တော့ပါက ဂျူဗင်းတပ်စ် တိုက်စစ်မှူး ဖာနန်ဒို လော်ရန်တေးကို ချိတ်ဆက်ဖွယ် ရှိနေသည်။ အီတလီ စီးရီးအေ ချန်ပီယံ အက်သလက်တီကို မက်ဒရစ်မှ မာရီယို မန်ဇူကစ်ကို ဂျူဗင်းတပ်စ်က ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် လော်ရန်တေး၏ အနာဂတ်သည် တူရင်တွင် လုံးဝ ပျောက်ဆုံးသွားပြီဟု ယုံကြည်ရသည်။
Soccer Myanmar
Labels:
ပရီးမီးယားလိဂ်,
လာလီဂါ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment