Pages

Subscribe:

Tuesday, March 10, 2015

ရှော်လ်ကေးကို ဂိုးပြတ်နိုင်ဖို့မလွယ်တဲ့ ရီးရဲလ်မက်ဒရစ်(ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒု-ကျော့ ပွဲကြိုသုံးသပ်ချက်)



ရှော်လ်ကေးကို ဂိုးပြတ်နိုင်ဖို့မလွယ်တဲ့ ရီးရဲလ်မက်ဒရစ်(ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒု-ကျော့ ပွဲကြိုသုံးသပ်ချက်)

ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပြိုင်ပွဲရဲ့ ဒုတိယအကျော့ပွဲစဉ်တွေ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ရီးရဲလ်မက်ဒရစ် – ရှော်လ်ကေး၊ ပေါ်တို – ဘေဆယ်၊ ချဲလ်ဆီး – ပီအက်စ်ဂျီတို့ရဲ့ ပွဲစဉ်တွေ အရင်ကစားကြမှာ ဖြစ်ပါတယ်။ ကျန်ပွဲစဉ်တွေကိုတော့ နောက်တပတ်မှ ဆက်နွှဲကြမှာပါ။ ရီးရဲလ်မက်ဒရစ်ဟာ ရှော်လ်ကေးကွင်းမှာတောင် နှစ်ဂိုးအသာနဲ့ အနိုင်ကစားထား နိုင်ခဲ့တာဖြစ်လို့ နောက်တဆင့်တက်ဖို့ သေချာ သလောက် ရှိတယ်လို့ ဆိုင်ပါတယ်။ ဒါပေမယ့် ရှော်လ်ကေးဟာ လွယ်လွယ်ကူကူ ကျော်ဖြတ်လို့ရတဲ့ အသင်းမျိုး မဟုတ်ပါဘူး။

ပေါ်တိုနဲ့ ဘေဆယ်ပွဲကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘေဆယ်ကွင်းဖြစ်တဲ့ ဆွစ်ဇာလန်မြေမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့လို့ ပေါ်တိုကွင်းမှာ ယနေ့ည အရှုံးအနိုင် အဖြေထုတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ် – ရှောလ်ကေးပွဲနဲ့ အရင်စပြီး ဆွေးနွေးပေးချင်ပါတယ်။

ရီးရဲလ်မက်ဒရစ် – ရှော်လ်ကေး

ရီးရဲလ်မက်ဒရစ်ဟာ ဂျာမန်မြေပေါ်က ပထမအကျော့ပွဲစဉ်မှာကတည်းက ၀-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီဖြစ်လို့ နောက်တဆင့်ဖို့တက်ဖို့ အရေးဟာ သေချာသလောက်ရှိနေပြီလို့ ဆိုရမှာပါ။ ဒါကြောင့် ဒီနေ့ပွဲမှာ စဉ်းစားရမယ့်အချက်က ရီးရဲလ်မက်ဒရစ် အနိုင်ရနိုင်ချေ ရှိ၊ မရှိနဲ့ နိုင်ရင်လည်း ဂိုးပြတ်ပါ့မလားဆိုတာ ကို အဓိက စဉ်းစားရမှာ ဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ ရီးရဲလ်မက်ဒရစ်ရဲ့ လက်ရှိခြေစွမ်းဟာ အကောင်းဆုံး အခြေအနေမှာ ရှိမနေပါဘူး။ ရုန်းကန် နေရတယ်ဆိုရင် ပိုနီးစပ်မယ် ထင်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာလည်း ဘီဘာအို အသင်းကို ရှုံးခဲ့ပါသေးတယ်။ နောက်ဆုံးကစားခဲ့တဲ့ ခြောက်ပွဲမှာ သုံးပွဲပဲ နိုင်ပွဲရထားတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ခြေစွမ်းဟာ အခုပွဲစဉ်မှာ အပြည့်အဝ ယုံကြည်ဖို့ ခက်တာ သေချာပါတယ်။ အထူးသဖြင့် ပြိုင်ဘက်ကို ရီးရဲလ်မက်ဒရစ်က သုံးဂိုးလောက် ဂိုးပြတ်အောင် မသွင်းနိုင်တာ အတော်ကြာနေပြီဖြစ်ပါတယ်။ ခံစစ်ပိုင်းက မဆိုးလှပေမယ့် တိုက်စစ်က နုံချာနေတာ အခုထိ ပြင်လို့မရသေးပါဘူး။

မာကာသတင်းစာ အဆိုအရတော့ ဒီနေ့ ရှောလ်ကေးနဲ့ပွဲမှာ လူကာမိုဒရစ် အနည်းဆုံး လူစားဝင် ပါဝင်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လူစုံနေပါရက်နဲ့ ရီးရဲလ်မက်ဒရစ်ခြေချော်နေတာ အံ့သြဖို့တော့ ကောင်းပါတယ်။ လူကာမိုဒရစ် ဒီပွဲမှာ ပြန်ပါလာနိုင်မယ်ဆိုရင်တော့ တိုက်စစ်က ရုန်းကန်နေရတဲ့ ရီးရဲလ်ကို ဂိုးသွင်းခွင့်တွေ ပိုရအောင် ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ရှော်လ်ကေးဘက်မှာ အဓိက တိုက်စစ်မှူး ဟန်တဲလားလည်း ပါလာဦးမှာပါ။ ပထမအကျော့တုန်းက ရှော်လ်ကေးဟာ အဆုံးသတ် တိကျမှုနဲ့ ကံတရား အနည်းငယ် လိုအပ်ခဲ့လို့ ရီးရဲလ်မက်ဒရစ်ကို ဂိုးမရခဲ့တာဖြစ်ပါတယ်။ ရှော်လ်ကေးတိုက်စစ်ဟာ ရီးရဲလ်မက်ဒရစ် နောက်တန်းကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့တာကိုတော့ တွေ့ရပါတယ်။ ဒါပေမယ့် အခုတစ်ခေါက်ပွဲက စပိန်မြေမှာ ဖြစ်လို့ ရှော်လ်ကေးအတွက် ပထမအကျော့ပွဲစဉ်ကထက်ပို ခက်ခဲသွားပြီလို့ ဆိုနိုင်ပါတယ်။

နိုင်ပွဲပျောက်နေတဲ့ ရှော်လ်ကေးဟာ ပြီးခဲ့တဲ့ စနေနေ့တုန်းက ဟော်ဖန်ဟိုင်းကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး နိုင်ပွဲပြန်ရှာတွေ့ထားပါတယ်။ အဲဒီနိုင်ပွဲက ရီးရဲလ်မက်ဒရစ်နဲ့ ကစားမယ့် ရှော်လ်ကေးအတွက် အဓိက စိတ်ဓါတ်ပိုင်းတက်ကြွစေမယ့် ရလဒ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒရက်ဇ်လာ၊ ဖာမန်း၊ ဖာဖန်တို့ မပါနိုင်တာက ရှောလ်ကေးကို အားနည်းသွားစေပါတယ်။ ဘိုတန်းကလည်း ပွဲပါယ်ပြစ်ဒဏ် ကျခံနေရပါတယ်။

သုံးသပ်ချက်

စပိန်မြေမှာ ကစားမယ့်ပွဲဖြစ်လို့ ရှော်လ်ကေးအတွက် လုံးဝမလွယ်ပါဘူး။ အဓိကကျတာ ရီးရဲလ်မက်ဒရစ်ရဲ့ ခြေစွမ်းဖြစ်ပါတယ်။ ရီးရဲလ်သာ ခြေစွမ်းတည်ငြိမ်ခဲ့မယ်ဆိုရင် ရှော်လ်ကေးကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ကစားနိုင်ဦးမှာပါ။ ဒါပေမယ့် မတည်ငြိမ်မှုတွေ များနေတဲ့ ရီးရဲလ်မက်ဒရစ်ဟာ သိပ်ယုံကြည်လို့တော့ မရပါဘူး။ ရီးရဲလ်နိုင်ဖို့ သေချာသလောက်ရှိပေမယ့် ဂိုးမပြတ်နိုင်လောက်ပါဘူး။ ဂိုးလည်း အများကြီး သွင်းနိုင်ကြမှာ မဟုတ်ပဲ ၁-၀ လောက်နဲ့ပဲ အဆုံးသတ်သွားမှာပါ။

Soccer Myanmar

0 comments:

Post a Comment