Wednesday, March 11, 2015
မော်ရင်ဟို၏ ခံစစ်အားပြုသည့် စနစ်ကြောင့် ချယ်ဆီး ဒုက္ခတွေ့နိုင်ဟု ဒေးဗစ်လူးဝစ်ဇ် သတိပေး
မော်ရင်ဟို၏ ခံစစ်အားပြုသည့် စနစ်ကြောင့် ချယ်ဆီး ဒုက္ခတွေ့နိုင်ဟု ဒေးဗစ်လူးဝစ်ဇ် သတိပေး
မိမိ၏ အသင်းကို ခံစစ်အားပြုသည့် နည်းစနစ်ဖြင့် ရင်ဆိုင်ပါက ချယ်ဆီးအသင်း အခက်တွေ့နိုင်ကြောင်း ပီအက်စ်ဂျီ နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်က ဟိုဆေးမော်ရင်ဟိုကို သတိပေး ပြောကြားလိုက်သည်။
ဗုဒ္ဓဟူးနေ့တွင် စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ လာရောက်ကာ ယှဉ်ပြိုင်ရမည့် လီဂူးဝမ်းအသင်းသည် ချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်းအဆင့် ပထမအကျော့တွင် ၁-၁ ဂိုး သရေကျခဲ့သောကြောင့် ဂိုးတစ်ဂိုး ရရှိရန် လိုအပ်မည် ဖြစ်သည်။ ထို့နောက် ဇွန်လက ချယ်ဆီးမှ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ခဲ့သည့် ဒေးဗစ်လူးဝစ်ဇ်က ဒုတိယအကျော့တွင် မော်ရင်ဟိုအနေဖြင့် မည်သည့်နည်းစနစ် သုံးမည်ကို မိမိသိရှိကြောင်း ဆိုခဲ့သည်။
ထို့အပြင် အသက် ၂၇ နှစ်အရွယ် ဘရာဇီးလ် နောက်ခံ ကစားသမားက ပီအက်စ်ဂျီအနေဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းနှင့် မော်ရင်ဟို၏ နည်းစနစ်က ချယ်ဆီးကို ဒုက္ခတွေ့စေလိမ့် မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒီပွဲအတွက် ဟိုဆေးက ဘယ်လိုပြင်ဆင်မလဲဆိုတာကို ကျွန်တော်သိပါတယ်။ သူက အသင်း ကစားသမားတွေကို စိတ်ရှည်ဖို့နဲ့ တန်ပြန်တိုက်စစ်နဲ့ ကစားဖို့ ပြောပါလိမ့်မယ်။ သူက ကျွန်တော်တို့ ဂိုးသွင်းဖို့ လိုအပ်ပြီး ချယ်ဆီးက ဂိုးမလိုဘူးဆိုတာကို သိထားပါတယ်။ ဒါက သူ့ရဲ့နည်းပါပဲ။ ကျွန်တော်တို့အနေနဲ့ ချယ်ဆီးရဲ့ တန်ပြန်တိုက်စစ်ကိုတော့ ဂရုစိုက်ဖို့လိုပါတယ်။ ဇာလတန် အီဘရာဟီမိုဗစ်၊ အက်ဒီဆင် ကာဗာနီနဲ့ အီဇီကွီရယ် လာဗက်ဇီတို့ကို ခံစစ်အားပြုတဲ့ နည်းစနစ်နဲ့ ခုခံမယ်ဆိုရင်တော့ သူတို့ ဒုက္ခတွေ့သွားပါလိမ့်မယ်” ဟု လူးဝစ်ဇ်က ပြောကြားခဲ့သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment