Friday, March 6, 2015
ဆာလားသည် မျှော်လင့်ထားသည်ထက် ပိုကောင်းနေကြောင်း ဖီအိုရင်တီးနားနည်းပြ ချီးကျူး
ဆာလားသည် မျှော်လင့်ထားသည်ထက် ပိုကောင်းနေကြောင်း ဖီအိုရင်တီးနားနည်းပြ ချီးကျူး
ဖီအိုရင်တီးနားနည်းပြ ဗင်းဆင့်ဇို မွန်တဲလားက မိုဟာမက် ဆာလားသည် မျှော်မှန်းထားသည်ထက် များစွာ ပိုမိုထူးချွန်သော ကစားသမားမျိုးဖြစ်ကြောင်း ချီးကျူးပြောကြားလိုက်သည်။
ချယ်လ်ဆီးသည် ဆောင်းရာသီ ဈေးကွက်ကာလအတွင်း ဖီအိုရင်တီးနားမှ ကိုလံဘီယာ လက်ရွေးစင် တောင်ပံလူ ဟွမ်ကွာဒရာဒိုကို ခေါ်ယူခဲ့သည်။ အဆိုပါ အပြောင်းအရွှေ့၏ အစိတ်အပိုင်း တစ်ရပ်အနေဖြင့် အီဂျစ် လက်ရွေးစင် ဆာလားသည် ဖလောရင့်စ်မြို့သို့ အငှားသွားရောက် ကစားခဲ့ရခြင်း ဖြစ်သည်။ ယူရို (၃၁)သန်းတန် ကွာဒရာဒိုသည် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ပြောင်ပြောင်မြောက်မြောက် လုပ်ဆောင်ပြခွင့် မရသေးသော်လည်း ဆာလားကမူ စီးရီးအေ၏ ဇန်နဝါရီ အကောင်းဆုံး ခေါ်ယူမှုအဖြစ် ညွှန်းဆိုနိုင်လောက်အောင် ဖီအိုရင်တီးနားကို အကျိုးပြုနေပြီ ဖြစ်သည်။
ဂျူဗင်းတပ်စ်ကို အဝေးကွင်း တူရင်မြေတွင် (၂-၁)ဖြင့် အနိုင်ရခဲ့သည့် ကိုပါအီတာလီယာဖလား အကြိုဗိုလ်လုပွဲ ပထမအကျော့ ပွဲစဉ်တွင် ဆာလားက ဖီအိုရင်တီးနားအတွက် (၂)ဂိုးလုံး သွင်းယူပေးခဲ့သည်။ ကွာဒရာဒို ထွက်ခွာသွားပြီး ဆာလား ဝင်ရောက်လာမှုနှင့် ပတ်သက်၍ ၎င်း၏ အမြင်ကို မေးမြန်းသည့်အခါ မွန်တဲလားက “ကောင်းကျိုးတွေ ရှိပါတယ်။ ဆာလား တစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်သင်းလုံး တိုးတက်လာတယ်။ ဆာလားဟာ ဂိုးတွေ အများကြီး သွင်းနေပါတယ်။ သူဟာ အကောင်းဆုံး အချိန်ကာလ တစ်ခုကို ဖြတ်သန်းနေတယ်။ ရှေ့ဆက်ပြီးလည်း ကြာရှည်နေဖို့ မျှော်လင့်ပါတယ်။ အသင်းမှာ သူက ကောင်းကောင်းကြီး အထိုင်ကျသွားပြီ။ သူဟာ စိတ်ဓာတ် ကြံ့ခိုင်သူ တစ်ယောက်မှန်း သိပါတယ်။ ဒါပေမဲ့ ဝန်ခံရရင် မျှော်လင့်ထားတာထက် အများကြီး ပိုလုပ်ပြနေတာတော့ အမှန်ပဲ”ဟု ဖြေကြားခဲ့သည်။
၎င်းက “အသင်းဟာ နိုဝင်ဘာကနေ ဒီဇင်ဘာလထိ တည်တည်ငြိမ်ငြိမ် ရှိခဲ့တယ်။ ဇန်နဝါရီ ဈေးကွက်မှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့ပြီး ဒီအခြေအနေက ရွေးချယ်ခွင့်တွေ ပိုများလာစေတယ်။ ဖီအိုရင်တီးနား အနေနဲ့ ကိုယ်က ဘာလုပ်နိုင်တယ် ဆိုတာကို ယုံကြည်မှုရှိရှိ ချဉ်းကပ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ထောင်လွှားမှု မရှိပါဘူး။ ကစားသမားတွေက ကျွန်တော့်ကို နားလည်ပြီး ကျွန်တော်က သူတို့ကို နားလည်ပါတယ်။ ဒါက အင်မတန် အရေးကြီးပါတယ်”ဟုလည်း ပြောဆိုသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment