Friday, June 19, 2015
ဘိုင်ယန်တွင်သာ ရှဝိန်းစတိုင်ဂါ ဆက်နေသင့်ဟု ဘက်ကင်ဘောင်ဝါ အကြံပြု
ဘိုင်ယန်တွင်သာ ရှဝိန်းစတိုင်ဂါ ဆက်နေသင့်ဟု ဘက်ကင်ဘောင်ဝါ အကြံပြု
မန်ချက်စတာ ယူနိုက်တက်နှင့် အချိတ်အဆက် ရှိနေကြောင်း သတင်းထွက်နေသည့် ဘက်စတိန်း ရှဝိန်းစတိုင်ဂါ အနေဖြင့် ဘိုင်ယန်မြူးနစ်တွင်သာ ဆက်နေသင့်ကြောင်း ဖရန့်ဇ် ဘက်ကင်ဘောင်ဝါက ပြောကြားလိုက်သည်။
အသက်(၃၀) အရွယ်ရှိ ဂျာမန်လက်ရွေးစင် အနေဖြင့် အသက်အရွယ်ကြောင့် ၎င်းနှင့် အကျွမ်းမဝင်သေးသည့် ပြိုင်ပွဲတစ်ရပ်တွင် ရုတ်တရက် အထိုင်ကျရန် ခက်ခဲနိုင်ကြောင်း ဘိုင်ယန်နှင့် ဂျာမန် ဂန္ထဝင် ကစားသမားဟောင်းကြီးက ထောက်ပြခဲ့သည်။ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် အသင်းကစားကွက်ကို ထိန်းကျောင်း မောင်းနှင်နိုင်မည့် ကမ္ဘာ့အဆင့် ကစားသမားသစ် တစ်ဦးကို ရှာဖွေနေရာ ရှဝိန်းစတိုင်ဂါသည် ပစ်မှတ်တစ်ခုအဖြစ် သတင်းကြီးနေသည်။ သို့သော်လည်း ဘက်ကင်ဘောင်ဝါက ဘွန်းဒစ်လီဂါကို စွန့်ခွာပြီး ပရီးမီးယားလိဂ်သို့ သွားရောက်ခြင်းသည် ရှဝိန်းစတိုင်ဂါအတွက် အမှားတစ်ရပ် ဖြစ်လာမည်ဟု ယူဆလျက် ရှိသည်။
“လုံးဝ ကွဲပြားသွားတဲ့ ဥရောပ လိဂ်ပြိုင်ပွဲ တစ်ခုမှာ သွားကစားဖို့ ဆိုတာက လက်ရှိ သူ့အသက်အရွယ်အရ ခက်ခဲပါလိမ့်မယ်”ဟု ဘက်ကင်ဘောင်ဝါက Mirrorသို့ ပြောကြားခဲ့သည်။ ၎င်းက “ရှဝိန်းစတိုင်ဂါဟာ တကယ့်ကို အင်တိုက်အားတိုက် ကစားတတ်သူပါ။ သူ့ခန္ဓာကိုယ်ဟာ နှစ်ပေါင်းများစွာ ဖိအားတွေဒဏ် ခံခဲ့ရပြီးပါပြီ။ ဒီအခြေအနေက စွမ်းအင်တွေကို ဆုတ်ယုတ်စေပါတယ်။ တကယ်ဆို သူ့ရဲ့ ကစားသမား ဘဝကို အမေရိကန်လို နိုင်ငံမျိုးမှာ ကုန်ဆုံးစေသင့်ပါတယ်”ဟုလည်း ဆိုသည်။
ဘက်ကင်ဘောင်ဝါက “ကျွန်တော်သာ ရှဝိန်းစတိုင်ဂါ နေရာမှာ ဆိုရင်တော့ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် ဘိုင်ယန်မှာ ဆက်ကစားဦးမှာပါ။ အဲဒီလောက်ထိ သူ့ခြေစွမ်းဟာ အမြင့်ဆုံးအဆင့် စွမ်းဆောင်ရည်မျိုး ပြသနိုင်ဦးမယ်လို့ ယုံပါတယ်”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment