Thursday, April 2, 2015
လီဗာပူးလ်နှင့် စာချုပ်သက်တမ်းတိုးရေးကိစ္စ ဆိုင်းငံ့ထားသည်ကို စတာလင် အတည်ပြု
လီဗာပူးလ်နှင့် စာချုပ်သက်တမ်းတိုးရေးကိစ္စ ဆိုင်းငံ့ထားသည်ကို စတာလင် အတည်ပြု
လီဗာပူးလ်နှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှုကို ဆိုင်းငံ့ထားကြောင်း ရာဟင်မ် စတာလင်က အတည်ပြု ပြောကြားလိုက်သည်။
အသက်(၂၀) အရွယ်ရှိ အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ်သမားလေးသည် အန်းဖီးလ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၃၅၀၀၀)သာ ရရှိနေသည့် စာချုပ်ကို အသစ်ပြင်ဆင်ပြီး သက်တမ်းတိုးရန် လီဗာပူးလ်၏ ကမ်းလှမ်းချက်ကို ရွှေ့ဆိုင်းထားသည်။ လီဗာပူးလ်က စတာလင်အား တစ်ပတ် ပေါင်စတာလင် တစ်သိန်းထိ တိုးမြှင့်ပေးပြီး စာချုပ်လိုသော်လည်း ကစားသမားက ယင်းကို မဆွေးနွေးလိုသေးဟု တုံ့ပြန်ထားသည်။ စတာလင်က ယင်းဆုံးဖြတ်ချက်သည် ငွေရေးကြေးရေးနှင့် မသက်ဆိုင်ဟု ဆိုသည်။
“ကျွန်တော် ဘောလုံးကိုပဲ အာရုံစိုက်ထားချင်လို့ပါ။ ရာသီကုန်ကျမှသာ ဒီကိစ္စကို စဉ်းစားချင်ပါတယ်။ ကျွန်တော့် နေရာက စဉ်းစားကြည့်ပါ။ ပရီးမီးယားလိဂ်လို အဆင့်မှာ ကစားနေရတဲ့ အသက်(၂၀)အရွယ် လူငယ် တစ်ယောက်သာ ဖြစ်ပါတယ်။ ကျွန်တော်က စာချုပ်သစ် ကမ်းလှမ်းမှု မှန်သမျှကို ပယ်ချနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အခုလောလောဆယ် ကျွန်တော့် အေးဂျင့်နဲ့ အသင်းကပဲ ဒီကိစ္စအတွက် စကားပြောနေပြီး ရာသီကုန်ထိ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်က ငွေနောက်လိုက်နေတဲ့ အသက်(၂၀)အရွယ် ချာတိတ်တစ်ယောက်လို့ အထင်မခံချင်ပါဘူး။ ကျွန်တော်ဟာ ဘောလုံးကို မြတ်မြတ်နိုးနိုး ခုံခုံမင်မင် ကစားနေတဲ့ ချာတိတ်တစ်ယောက်သာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
စတာလင်က “ငွေကြေးဟာ ကျွန်တော့်ဘဝမှာ အရာတိုင်းအတွက် အရေးကြီးတဲ့ အရာတော့ မဟုတ်ပါဘူး။ ကျွန်တော့်မှာ သမီးလေး တစ်ယောက်နဲ့ မိသားစု ရှိပါတယ်။ ဒီလူတွေကမှ ကျွန်တော့်ဘဝအတွက် အရာအားလုံး ဖြစ်ပါတယ်။ ကျွန်တော့် ပတ်ဝန်းကျင်မှာ ရှိတဲ့သူတိုင်းက ကျွန်တော်ဟာ ငွေကိစ္စကို အဓိကထား စဉ်းစားတတ်သူ မဟုတ်မှန်း သိပြီးသားပါ။ ကျွန်တော့် အတွက်က ကစားသမားဘဝ တစ်လျှောက်လုံး ဆုဖလားတွေ ရယူနိုင်ဖို့က အရေးကြီးပါတယ်။ ကျွန်တော့်မှာ ကားဘယ်နှစီး၊ အိမ်ဘယ်နှလုံး ရှိတယ်ဆိုတာကို ဘယ်တော့မှ ဂုဏ်ယူပြီး ပြောနေမှာ မဟုတ်ပါဘူး။ အခုလောလောဆယ် ကောင်းမွန်တဲ့ စာချုပ်တစ်ရပ် ကမ်းလှမ်းခံရလို့ ဂုဏ်ယူပါတယ်။ လောလောဆယ်တော့ အသင်းအတွက် ကျွန်တော် စွမ်းဆောင်ရည် ရှိသမျှ အကောင်းဆုံး လုပ်ပြဖို့ပဲ စိတ်နှစ်ထားချင်ပါတယ်”ဟုလည်း ဖွင့်ဟသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment